ကာဂျစ္စတန်နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း ပြင်ဆင်

၂၆  စက်တင်ဘာ

 

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ရာဒူလိုဗစ်သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃) အဖြစ် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းယှဉ်ပြိုင်ကစားရန် ပဏာမကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး လေ့ကျင့်ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

 

ပြန်လည်ဖွဲ့စည်းလိုက်သည့်  မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်ဖြိုးအောင် (Southern)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ ဆန်းဆက်နိုင် (ရန်ကုန်)၊ နောက်တန်း-ဇော်မင်းထွန်း (ချောင်ဘူရီ)၊  ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ဟိန်းသီဟဇော် (ရှမ်း)၊  စိုးမိုးကျော်၊ ဇော်လင်း၊ ကျော်ဇင်လွင် (ဧရာဝတီ)၊  ဇော်ရဲထွန်း (ရတနာပုံ)၊ ပြည့်ဖြိုးဇော် (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ အလယ်တန်း-  လှိုင်းဘိုဘို၊ စည်သူအောင် (ရတနာပုံ)၊ ရန်အောင်ကျော်၊ ငြိမ်းချမ်းအောင်၊ မောင်မောင်လွင် (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ ဆွမ်လမန် (ရှမ်း)၊ ကောင်းစည်သူ (Southern)၊ ကြည်လင်း (ဇွဲကပင်)၊ ရှေ့တန်း-ကျော်ကိုကို (ဆာမတ်ပရာခန်)၊ အောင်သူ (မြောင်တောင်)၊ ဝင်းနိုင်စိုး (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်)၊ ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်း (ရှမ်း) တို့ ပါဝင်ကြသည်။ စက်တင်ဘာလဆန်းက မွန်ဂိုလီးယား၊ ဂျပန်အသင်းတို့နှင့် ကစားခဲ့သည့် လူစာရင်းမှ ကျော်ဇင်ထက် (ဂိုး)၊ သိန်းသန်းဝင်းတို့ ချန်လှပ်ခံခဲ့ရပြီး ဝင်းမိုးကျော်၊ ဟိန်းသီဟဇော်၊ ပြည့်ဖြိုးအောင် (ဂိုး)၊ ဒွေးကိုကိုချစ်၊ ဇင်မင်းထွန်းနှင့် ငြိမ်းချမ်းအောင်တို့ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစ၍ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး ထိုင်းကလပ် အသင်းများတွင် သွားရောက်ကစားနေသူများမှာလည်း အောက်တိုဘာလဆန်းမှ အသင်းသို့ ရောက်ရှိမည်ဖြစ်သည်။

 

ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောက်တိုဘာ ၁၀ ရက်တွင် ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် နှစ်ပွဲကစား၊ နှစ်ပွဲရှုံး၊ ကာဂျစ္စတန်အသင်းက တစ်ပွဲကစား၊ တစ်ပွဲရှုံးကာ နှစ်သင်းစလုံး အမှတ်မရသေးပေ။ မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်နှင့်ပွဲအတွက် ကြိုတင်သွားရောက်မည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားဖွယ်မရှိကြောင်း သိရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်