ဇန်နဝါရီဈေးကွက်အတွင်း စပါးအသင်းကနေ ထွက်ခွာဖို့ ဟယ်ရီဝင့် ဆန္ဒရှိနေ

အင်္ဂလန်ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ဟာ နည်းပြ အက်စ်ပီရီတို လက်ထက်မှာ ပုံမှန်ပွဲထွက် ကစားခွင့် ပျောက်ခဲ့ရတာကြောင့် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ စပါးအသင်း ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ဟာ နည်းပြ မော်ရင်ဟို လက်ထက်က ပုံမှန်ပွဲထွက်ကစားခွင့်ရရှိခဲ့ ပေမယ့် လက်ရှိနည်းပြသစ် အက်စ်ပီရီတိုလက်ထက်မှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေခဲ့ရ တာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ဟာ နွေရာသီအပြောင်းအရွှေ့ကာလကတည်းက မြောက်လန်ဒန်အခြေစိုက် စပါးအသင်းကနေ ထွက်ခွာဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကွင်းလယ်ကစားသမား ဟယ်ရီဝင့် ကို အက်စ်တွန်ဗီလာအသင်း၊ အဲဗာတန်အသင်း၊ ဘရိုက်တန်အသင်း စတဲ့အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။ အဲဒီလို အသင်းအများစုရဲ့ စိတ်ဝင်စားမှုခံခဲ့ရပေမယ့် အသက် ၂၅ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်အနေနဲ့ စပါးအသင်းမှာ ဆက်ကစားဖို့ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကွင်းလယ်ကစားသမား ဟယ်ရီဝင့် ဟာ နည်းပြအက်စ်ပီရီတိုလက်ထက် အခုနှစ် ဘောလုံး ရာသီအတွင်းမှာ စပါးအသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်ခုနှစ်ပွဲမှာ ပွဲချိန်ပြည့် ပါဝင် ပွဲထွက် ကစားခွင့်မရရှိခဲ့တာကြောင့် စပါးအသင်းကနေထွက်ခွာဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ဟာ နည်းပြ ပိုချက်တီနိုလက်ထက်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်အတွင်းက စပါးအသင်း ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ ရောက်ရှိခဲ့ချိန်မှာ စပါးအသင်းနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့သူဖြစ်ပြီး စပါးအသင်းကို ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်း နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။

ငွေကြယ်