ဇင်ဘာဘွေ၌ ကျန်းမာရေးဝန်ထမ်း ၆၅၃ ဦး ပြန်လည်ကျန်းမာလာ

ဟာရာရီ     နိုဝင်ဘာ

ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ယခုနှစ်မတ်လမှစ၍ လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ထမ်း ၆၅၃ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော်လည်း ယခုအခါ အဆိုပါ ကျန်းမာရေးဝန်ထမ်း အားလုံး ပြန်လည်ကျန်းမာလာကြောင်း ဇင်ဘာဘွေပြန်ကြားရေးဝန်ကြီး မော်နီကားမုစဗန်ဂွါက ပြောကြားသည်။

ဇင်ဘာဘွေ အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် သတိဝီရိယရှိကြရန် လိုအပ်ပုံကို အကြိမ်ကြိမ် သတိပေးလျက်ရှိ ကြောင်း နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် သံတော်ဆင့်သတင်းစာက ပြန်ကြားရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

နိုဝင်ဘာ ၂ ရက်အထိရရှိသည့် တရားဝင် ကိန်းဂဏန်းများအရ ဇင်ဘာဘွေနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၃၈၉ ဦးရှိပြီး ၂၄၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် ရောဂါကူးစက်ခံရသူများအနက် လူနာ ၇၉၃၉ ဦး ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။

အစိုးရအဖွဲ့သည် လာမည့် မိုးရာသီကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ပြည်သူများအကြား အသိပညာမြှင့်တင်ပေးမှုကို ပြည်နယ်နှင့် ဒေသအားလုံး၌ပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း ဝန်ကြီးက ထပ်မံပြောကြားသည်။

ဇင်ဘာဘွေအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် နယ်စပ်မျဉ်းများကို ရှစ်လကြာပိတ်ပင်ခဲ့ပြီးနောက် လာမည့်ဒီဇင်ဘာ ၁ ရက်မှစ၍ နယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ပြီးခဲ့သည့်လက အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများကိုလည်း ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန်-ဂျေတီ