JMC အဆင့်ဆင့် အရပ်သားကိုယ်စားလှယ်များ၏ နဝမအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

ရန်ကုန် ၂၂ ဇူလိုင်

 

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဆင့်ဆင့် အရပ်သားကိုယ်စားလှယ်များ၏ နဝမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။

 

ရှေးဦးစွာ အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး၏ သဘာပတိ JMC-U ဒုတိယဥက္ကဋ္ဌ(၂) သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက အဖွင့်အမှာ စကားပြောကြားရာတွင် “နှစ်နှစ်နီးပါးကြာ ကျင်းပနိုင်ခြင်းမရှိသည့် JMC-U အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် နေပြည်တော်၌ ကျင်းပခဲ့ရကြောင်း၊ အဆိုပါ အခင်းအကျင်းများကြားတွင် အရပ်သား ကိုယ်စားလှယ်များအနေဖြင့် မိမိတို့တတ်နိုင်စွမ်း ရှိသလောက် အကောင်းဆုံးလုပ်နေကြောင်း၊ JMC အဆင့်ဆင့်တွင်ရှိသည့် အရပ်သားကိုယ်စားလှယ်များသည် ယခုကာလအတွင်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းရေးခရီးစဉ် (၁၂) ကြိမ်ရှိကြောင်း၊ တုံ့ဆိုင်းနေဆဲ ကာလ၌ပင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပေါ်တွင် ပြည်သူများစိုးရိမ် ကြောင့်ကြမှု လျော့ပါးရေးအတွက် လူထုရှင်းလင်းပွဲ (၅၄) ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကြား JMC ဆိုင်ရာအကြောင်းရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲ (၅) ကြိမ်ကျင်းပခဲ့ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်း (၁၄၈) ဖွဲ့မှ ကိုယ်စားလှယ် ၃၆၁ ဦး တက်ရောက်ပါဝင် ဆွေးနွေးမှုများရှိကြောင်း၊ တိုင်းရင်းသား လက်နက်အဖွဲ့အစည်းများကြား JMC ဆိုင်ရာအကြောင်း ရှင်းလင်းခြင်း (၃)ကြိမ်ရှိခဲ့ပြီး JMC ဆိုင်ရာ ပညာရှင် စကားဝိုင်း (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ JMC-S တွင် JMC ဆိုင်ရာသင်တန်း (၁၅)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် အားကစားပြိုင်ပွဲ (၂)ကြိမ်နှင့် JMC ဆိုင်ရာ အသိပညာပေးပြခန်း ဖွင့်လှစ်မှု (၁၃)ကြိမ် လုပ်ဆောင်ခဲ့ကြောင်း။

 

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်တွင် ကျင်းပခဲ့သည့် JMC-U  (၁၉)ကြိမ်မြောက် အစည်အဝေးတွင် JMC ဆိုင်ရာလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်နိုင်ရေးအတွက် အရပ်သား JMC အဆင့်ဆင့်ကိုယ်စားလှယ်များ တင်ပြသည့်အဆိုပြုချက် (၂၁)ချက်အနက် (၁၂)ကိုဆွေးနွေး အတည်ပြုနိုင်ခြင်းသည် အရပ်သားကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုရလဒ်ဟု ကောက်နုတ်တင်ပြလိုပါကြောင်း၊ ထို့ကြောင့် JMC အဆင်ဆင့် အရပ်သားကိုယ်စားလှယ်များ၏ ပါဝင်ရုန်းကန်မှုသည် ရပ်တန့်သွားရန် ရှိမည်မဟုတ်ကြောင်း၊ အရပ်သားကိုယ်စားလှယ်များအနေဖြင့် ရှေ့ဆက်သွားမည့် ခရီးစဉ်တွင် မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိရန် တွန်းအားပေးလိုကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုအကြားတွင် ရုန်းကန်ရသည့်အခါ၌ တခါတရံ အခက်အခဲများ ရှိပါကြောင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ချနိုင်မှသာ မိမိတို့ အရပ်သားကိုယ်စားလှယ်များသည် နှစ်ဖက်အဖွဲ့အစည်းများအကြား ကြားခံအနေဖြင့် ရုန်းကန်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့၏ စွမ်းအင်မြှင့်တင်ရေးကို စဉ်ဆက်မပျက် လုပ်ဆောင်ရန်လိုအပ်ပြီး နည်းပညာ အထောက်အကူပြုရုံး (TSC)မှ ပံ့ပိုးကူညီမှုများ ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေး၏ သဘာပတိ အဖွဲ့ဝင်နှင့် JMC-U ကော်မတီဝင်များဖြစ်ကြသည့် ဦးမောင်မောင်ငြိမ်းနှင့် သူရဦးဘိုနီတို့က အဖွင့်အမှာစကားများ ဆက်လက် ပြောကြားသည်။

 

 ယနေ့ အစည်းအဝေးသို့ JMC အဆင့်ဆင့်မှ အရပ်သားကိုယ်စားလှယ် ၃၅ ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင်ရှမ်း၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ပဲခူးတို့မှ JMC-S (ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) အရပ်သား ကိုယ်စားလှယ်များက ၎င်းတို့၏ ဆောင်ရွက်ချက်များကို တင်ပြခြင်းနှင့် ဆွေးနွေးမှတ်တမ်းတင်ခြင်း၊ လင်းခေးနှင့်ဖာပွန်တို့မှ JMC-L (ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) အရပ်သားကိုယ်စားလှယ်များက တင်ပြခြင်းနှင့် ဆွေးနွေးမှတ်တမ်းတင်ခြင်း၊ အဋ္ဌမအကြိမ် JMC အရပ်သားကိုယ်စားလှယ်များ၏ မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်မှတ် တမ်းများနှင့် (၁၉) ကြိမ်မြောက် JMC-U အစည်းအဝေးဆုံးဖြတ်ချက်များကို ဆောင်ရွက်ထားရှိမှုများအား နည်းပညာ အထောက်အကူပြုရုံးအဖွဲ့ (TSC) က ပြန်လည်တင်ပြခြင်း၊ အရပ်သားကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန်အား ဆွေးနွေးခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်များအား အတည်ပြုခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရပ်သားကိုယ်စားလှယ်များ၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်သည်။

 

LCM ဖွဲ့စည်းရေးနှင့် JMC-L များထပ်မံတိုးချဲ့ဖွဲ့စည်းရေးနှင့် ပတ်သက်၍ JMC-U အရပ်သား ကိုယ်စားလှယ်ကော်မတီဝင် ဦးကိုကိုကြီးက “ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) ထားဖို့အတွက် အခက်အခဲ ဖြစ်သွားတာက ဆိုင်းငံ့ကာလကြောင့်ပါ။ ဆိုင်းငံ့ကာလ ၁ နှစ်နဲ့ ၁၀ လအကြာပြီးခဲ့တဲ့ ဇူလိုင်လဆန်းမှာတော့ စုံညီအစည်းအဝေး JMC-U ကို ပြန်လည်ကျင်းပနိုင်တယ်။ အဲ့ဒီကနေနောက်ထပ် နှစ်ဖက်ဆွေးနွေးမှု (bilateral) တွေ ပြီးသွားရင် ဒေသခံအရပ်သားစောင့်ကြည့်သူတွေ ဖွဲ့စည်းနိုင်မှာပါ။ JMC-L က ဖာပွန်နဲ့ လင်းခေးမှာ ဖွဲ့ထားပါတယ်။ JMC-L တွေ ဆက်လက်ဖွင့်လှစ်ဖို့ လျာထားတာတွေရှိပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေ ရပ်တန့်သွားတဲ့အတွက်ကြောင့် ဒါတွေကို ဆိုင်းငံ့ထားတာပါ။ ဒါကလည်း ကျွန်တော်ပြောခဲ့တဲ့ စုံညီအစည်းအဝေးနဲ့ bilateral အစည်းအဝေး ပေါ်မှာပဲ မူတည်နေပါတယ်” ဟုပြောသည်။

 

JMC အဆင့်ဆင့်၏ အဌမအကြိမ် (၈ကြိမ်)မြောက် အရပ်သားကိုယ်စားလှယ် မျက်နှာစုံညီအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က ထားဝယ်မြို့တွင် ကျင်းပခဲ့ပြီး အရပ်သားကိုယ်စားလှယ် မျက်နှာစုံညီ အစည်းအဝေးကို လေးလတစ်ကြိမ် ကျင်းပရန် သတ်မှတ်ခဲ့ကြသည်။ ထိုသို့ သတ်မှတ်ခဲ့ပြီးနောက် နဝမအကြိမ် (၉ ကြိမ်) အစည်းအဝေးကို ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ယနေ့တွင်မှ ပြန်လည်ကျင်းပခဲ့ရခြင်း ဖြစ်သည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်