ဇမ္ဗူသီရိမြို့နယ်တွင် နွေရာသီ သိုင်းပြောင်းပြန် ကိုယ်ခံပညာသင်တန်းဖွင့်လှစ်

နေပြည်တော် ၉ မတ်

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပညာသိဒ္ဓိရပ်ကွက် ခရေအိမ်ရာ ဓမ္မာရုံဘေးတွင် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်သင်ကြားခဲ့သော မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၀င် နာယကဆရာကြီး ဦးမောင်လေး၏ ကမ္ဘောဇနန်းတွင်း ခူးကာချန့် သိုင်းပြောင်းပြန် နွေရာသီရက်တိုသင်တန်းများကို ယခုမတ်လကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သည်။

 

အဆိုပါကိုယ်ခံပညာ သိုင်းပြောင်းပြန်သင်တန်းများကို နည်းပြဆရာဆရာကြီး ဦးကျော်မြင့်၊ ဦးမျိုးထွန်း၊ ဦးအောင်ဌေးနှင့် ဦးစိုင်းထွန်းအောင်ကျော်တို့က အခြေခံလက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်းများအပြင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၏ လက်သိုင်း ၆၃ မောင်းကိုလည်း သင်ကြားပေးသွားမည်ဖြစ်ကာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၈ နာရီနှင့် ညနေ ၄ နာရီ နှစ်ကြိမ်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် နေ့စဉ် ညနေ ၄ နာရီအချိန်၌ လေ့ကျင့်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံ့၀န်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိသည်။

 

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်၀င် နာယကဆရာကြီး ဦးမောင်လေး၏ ကမ္ဘောဇနန်းတွင်း ခူးကာချန့် သိုင်းအဖွဲ့ကို မြန်မာသက္ကရာဇ် ၁၂၈၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၇ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ် နွေရာသီသင်တန်းသည် ၄ နှစ်တာကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းသင်တန်းများ ပြီးဆုံးသွားခဲ့သော်လည်း ဆက်လက်လေ့ကျင့် သင်ကြားလိုသူများအတွက်ကိုမူ အမြဲမပြတ် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ကိုပေါက်(ဥက္ကာမြေ)