ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဇမ္ဗူသီရိ  ၂၇  ဇန်နဝါရီ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်မှ စ၍ ဇမ္ဗူသီရိမြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးနေမှု အခြေအနေများကို နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော် ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ တိုင်းကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုး၊ ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန် ရှိသူတို့က ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် COVISHIELD / Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကို   ကျန်းမာရေးဝန်ထမ်း (၆၉) ဦးအား ယနေ့နံနက်ပိုင်းမှစတင်၍ ပထမအကြိမ် ထိုး‌နှံပေးခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကို ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)