ဇလုံတောင်ဘုရားဖူးလမ်းအား ဘုရားဖူးမော်တော်ယာဉ်များ ရာသီမရွေး သွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်

ဗန်းမောက် ၁၀ နို၀င်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်တက်လမ်းပိုင်းတွင် ဗန်းမောက်-ဇလုံတောင် ဘုရားဖူးမော်တော်ယာဉ်များ ရာသီမရွေးသွားလာနိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါလမ်းပိုင်းတွင် ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က ဘုရားဖူးခရီးသည်တင်ယာဉ် အလွတ်တစ်စီး တိမ်းမေှာက်ခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိကြောင်းသိရသည်။

 

" ဇလုံတောင်တက်ဘုရားဖူးယာဉ်တစ်စီးဟာ ဦးကောစခန်းအနီး ညောင်ပင်ကြီးကွေ့နားမှာ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က တိမ်းမှောက်ခဲ့တာပါ။  ယာဉ်မောင်းကတော့ ထိခိုက်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဘုရားဖူးခရီးသည်တွေ တစ်ယောက်မှမပါလို့ တော်ပါ‌သေးတယ်။ မိုးကမပြတ်သေးတော့ လမ်းကြောင်းက ကြံ့ခိုင်မှုအားနည်းပြီး အရှိန်လွန်လို့ဖြစ်သွားတာပါ။ ရာသီဥတုမကောင်းလို့ မိုးရွာခဲ့ရင် တောင်ပေါ်ကို မတက်သင့်ပါဘူး။ အန္တရာယ်ရှိနိုင်လို့ပါ " ဟု ဒေသခံတစ်ဉီးက ပြောကြားခဲ့သည်။

 

ယခုနှစ် ဘုရားဖူးရာသီပွင့်လင်းချိန်တွင် ဇလုံတောင်တက်ဘုရားဖူး မော်တော်ယာဉ် အစီးရေ(၅၀)ကျော်ခန့်မှာ ကြံ့ခိုင်မှု အသင့်အနေအထားရှိပြီး တောင်အတက်အဆင်းကားလမ်းများကို ပြုပြင်နိုင်ခဲ့သော်လည်း မိုးမကြာခဏ ရွာသွန်းခဲ့မှုကြောင့် ဘုရားဖူးအဖွဲ့များ အလျင်စလိုသွာလာခြင်းမပြုကြစေရန်နှင့် ရာသီမရွေးသွာလာမှု အဆင်ပြေနိုင်ရန်အတွက် ဇလုံတောင်ခြေ ကားကြီးဝန်းရပ်နားစခန်းမှ တောင်ပေါ်ရပ်နားစခန်းအထိ အရှည်(၁၀မိုင်) ခန့်ရှိသော အဆိုပါလမ်းပိုင်းအား ကွန်ကရစ်လမ်းသို့မဟုတ် ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများထံမှသိရသည်။

 

နီတိုး