ဇိုမီး(Zomi)စာပေ၊ ဘာသာစကားလေ့လာတွေ့ရှိချက်များအပေါ် ဆွေးနွေးခြင်း၊ နိုင်ငံတကာတက္ကသိုလ်များ အကြောင်းနှင့် Digital Library စနစ်အသုံးပြုနည်းအတွေ့အကြုံများမျှဝေရှင်းလင်း

ကလေး ၄ မေ 

 

ချင်းတောင်ဒေသသယံဇာတစောင့်ကြည့်ရေးအဖွဲ့ (CNRWG) ၏ဦးဆောင်မှုဖြင့် ဇိုမီး (Zomi)စာပေ၊ ဘာသာ စကားအပေါ် တွေ့ရှိချက်များဆွေးနွေးခြင်း၊ နိုင်ငံတကာတက္ကသိုလ်များအကြောင်းနှင့်  Digital Library စနစ် အသုံးပြုနည်းအတွေ့အကြုံ့များမျှဝေရှင်းလင်းခြင်းကို မေ ၄ ရက် နံနက် ၈ နာရီက  စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ဇိုမီးခရစ်ယာန်စာပေနှင့် ယဉ်ကျေးမှုအသင်း (ZCLS) ခန်းမ၌ ပြုလုပ်သည်။

 

 

ရှေးဦးစွာ ဇိုမီးခရစ်ယာန်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ သိက္ခာတော်ရဆရာလျန်းခင်းပေါင်က အဖွင့်အမှာစကားပြောကြားပြီးနောက် နိုင်ငံခြားဘာသာဗေဒပညာရှင်တစ်ဦးအနေဖြင့် ဇိုမီးစာပေ၊ ဘာသာ စကားနှင့်ပတ်သက်၍ သုတေသနပြုစုနေသူ အမေရိကန်နိုင်ငံသား  Tyler Davis(a) Mang Sian Khual (Linguistics, USA) က ဇိုမီးစာပေ၊ ဘာသာစကားအဆင့်ဆင့်ဆင်းသက်ပြောင်းလဲဖြစ်တည်မှုနှင့် မူရင်းဘာသာ စကား၏ အတိမ်အနက်များအပေါ်သုတေသနပြုတွေ့ရှိချက်များကိုဇိုမီးဘာသာစကား နှင့် မြန်မာဘာသာစကားတို့ဖြင့် မျှဝေရှင်းလင်းသည်။

 

 

ထို့နောက် Thomas Tual Khan Khai(Software Engineer, Hambury, Germany) က နိုင်ငံတကာတက္ကသိုလ်များအကြောင်း၊ ဂျာမနီနိုင်ငံတွင် ပညာတော်သင်များအတွက် Scholarship ရရှိမည့်အခွင့် အလမ်းများ၊ Digital Library Software အသုံးပြုနည်း (On Line/ Off Line) များ မိတ်ဆက်ပေးသည်။

 

အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူလူကြီး/လူငယ် ၅၀ ဦးတို့တက်ရောက်ကြပြီး အတွေ့ အကြုံဆွေးနွေးချက်များအပေါ်သိရှိလိုသူများက မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

 

ချင်းတွင်းသား