ဇိနာတိ ဇိနာတိ ဆိုတဲ့ ဗြဟ္မစိုရ်နဲ့

၂၈  ဧပြီ

မြန်မာ့ငြိမ်းချမ်းရေး ဗိသုကာကြီးအဖြစ် ထင်ရှားသော မဟာကဝိ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “...သော် ဝေးခရီးကပေမဲ့၊ အရေးကြီးလျှင်ဖြင့် သွေးနီးရာ ပါစမြဲပေမို့၊ ဆရာလဲကွာပထမ အရင်ကနဦးဆီက၊ မြန်မာ့တခွင်မှာ သမတ ရှင်ဘုရင် မလူးခင်ပ၊ “ထ” ဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့၊ “ထီ” မထင် ကျောင်းတော်သားတွေရဲ့၊ အမည်အစဉ်မှာ ခေါင်းအတော်များတွင်မှ၊ မင်းရို့ ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့...” ဟူသော ယူနီဘာစီတီဘွဲ့ မဟာလေးချိုးကြီးကိုရေးကာ နယ်ချဲ့ ဆန့်ကျင်ရေးကျောင်းသားလှုပ်ရှားမှုများကို ထောက်ခံပါဝင်ခဲ့လေသည်။ ဆရာကြီးက နိုင်ငံအတွက် အရေးကြီးသည့် အချိန်မှာ သွေးနီးရာ ပါကြစို့ဟု နိုင်ငံသားတို့ကို နှိုးဆော်ခဲ့ခြင်းပါ။ ဟုတ်ပါသည်။ အရေးကြီးသည့်ကာလတွင် သွေးနီးသူများ လက်တွဲကြဖို့လိုပါသည်။

နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး ခေတ်တစ်လျှောက်တွင် မြန်မာနိုင်ငံသားတို့သည် လွတ်လပ်ရေးဟူသော ဘုံရည်မှန်းချက်ကို မူတည်ကာ ညီညွတ်ခဲ့၊ စည်းလုံးခဲ့ကြပေသည်။ စစ်အင်အားအရလည်းကောင်း၊ ဓနအင်အားအရလည်းကောင်း မြန်မာနိုင်ငံအနေဖြင့် မယှဉ်နိုင်လောက်အောင် ကြီးမားသည့် နိုင်ငံကြီးများလက်ထဲက လွတ်မြောက်အောင် နိုင်ငံသားတို့၏ ညီညွတ်မှု အင်အားဖြင့် ရုန်းကန်အောင်မြင်ခဲ့ကြခြင်း ဖြစ်ပါသည်။

သခင်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးများ ကြုံတွေ့ခဲ့ရသည့် အခြေအနေတွင်းမှပင် နိုင်ငံသားတို့၏ စည်းလုံးညီညွတ်မှုတို့၏ အရှိန်က လွတ်လပ်ရေးရသည်ထိဆောင်ကြဉ်းနိုင်ခဲ့သည်မှာလည်း မှတ်သားစရာပဲဖြစ်ပါသည်။

သို့သော်လည်း အဆိုပါစည်းလုံးညီညွတ်မှု တစ်စတစ်စ ပျက်ယွင်းလာသည်၏နောက် လွတ်လပ်ရေးရပြီးခေတ် မြန်မာ့သမိုင်းသည် အကျည်းတန်ခဲ့ရသည်။ လူထု ညီညွတ်ရေးပျက်ယွင်းလာသည့်အခါ အာဏာရှင်စနစ်က ခေါင်းထောင်ထလာနိုင်ခဲ့ပြီး ဒီမိုကရေစီ ဆိတ်သုဉ်းပျောက်ကွယ် ခဲ့ရသည်ထိပါပင်။ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့လေရာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းမှသည် သွေဖည်လာခဲ့ပြီး ဆင်းရဲနွံထဲ နစ်သထက်နစ်ကာ နေခဲ့ရသည်မှာ ယနေ့ထိပင်ဟု ဆိုရချေမည်။

ပဋိပက္ခများ အရှိန်ပိုမိုမြင့်မားလာသည့်အခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် နိုင်ငံအတွက် လွန်စွာ စိတ်ပူပန်ကာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မနားမနေဆောင်ရွက်ခဲ့ပြန်ပါသည်။ ထိုစဉ်ကလည်း နိုင်ငံငြိမ်းချမ်းစွာ ဖြစ်တည်ရေးသည် နိုင်ငံသားတို့၏ စည်းလုံးညီညွတ်ရေးက အခရာဖြစ်ကြောင်း၊ သစ္စာ၊ ဓမ္မ၊ ဝီရိယ၊ စာဂ တို့၏ အရေးကြီးပုံအကြောင်းတို့ကို သတိပေးခဲ့ပါသည်။

“.. အထက်ခါ ပဝေဏီကဲ့သို့၊ အဝေညီညီနဲ့ အမွေမီကြမယ့်၊ အေဘီစီ အမောင်တပည့်တို့ကိုဖြင့်၊ မသေမီနောင်ကဝိရယ်က၊ မဏ္ဍပ်နှင့် ပလ္လင်မှာနော်ကွယ်၊ ဗန်းအထပ်ထပ် ကမ္မဋ္ဌာန်းတပ်တွေနဲ့၊ နန်းအပ်ခဲ့ချင် ဆိုသည်နှင့် မညီပြန်သဖြင့်၊ ဤအခါခါ လှစ်ကာ ပြလိုက်မကွယ့်၊ (သစ္စာဓမ္မ၊ ဝီရိယာနှင့် စာဂဟူသည်၊ ရန်သူအောင်မှုကြောင်းလေး)ရဲ့ပြင် အလေးပြုစရာ အရေးကြီးပြီမို့၊ သွေးစည်းစရာ သွေးသောက်ဖွဲ့ ကာ၊ တကယ်ညှိစရာ တပည့်တကာ၏။ ဇိနာတိ ဇိနာတိ ဆိုတဲ့ ဗြဟ္မစိုရ်နဲ့၊ ထိုတကယ့် စိတ်မနာတွေကြောင့်၊ (ဩ) ဒီဝါ တပတိ အာဒိစ္စေ။” ဟူ၏။

နိုင်ငံသားတို့၏ စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်ခုအတွက် အရေးကြီးလှသည် ဖြစ်ရကား ယနေ့ ကာလကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် ပိုမို၍အရေးကြီးသည်ဟုဆိုလျှင် မှားလိမ့်မည် မဟုတ်ပါ။ ကိုဗစ်-၁၉ ရောဂါက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုဖြစ်၏။ လူသားအားလုံး စုစည်းညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရမည့် အနေအထားဖြစ်၏။

သည်ကဲ့သို့သော ကြီးမားသည့် စိန်ခေါ်မှုကို ရင်ဆိုင်အောင်မြင် ကြရန်မှာ နိုင်ငံသားများ၏ သွေးစည်းမှု၊ စည်းလုံးညီညွတ်မှုတို့က အဓိကဖြစ်ပါ၏။ မြန်မာနိုင်ငံသားတို့သည် ပညာဉာဏ်ဖြင့် ချင့်ချိန်မြော်မြင်ရင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ် တရားကို မွေးမြူကြရင်း၊ သွေးစည်းညီညွတ်စွာ ကိုဗစ်ဗိုင်းရပ်စ် ကပ်ရောဂါကို အတူ ရင်ဆိုင်ကျော်လွှားအောင်မြင်ကြပါစို့။ ။

မြန်မာ့အလင်း