“ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ” (နောက်ဆုံးမူကြမ်း)အား ချပြခြင်း အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာနည်းဥပဒေ” (နောက်ဆုံးမူကြမ်း)အား ချပြခြင်း အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ၌ Royal နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။
 
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ကမ္ဘာပေါ်မှာ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါကြောင်း၊ ငှက်မျိုးစိတ် ၁၄ ရာခိုင်နှုန်း၊ နို့တိုက်သတ္တဝါ ၂၅ ရာခိုင်နှုန်း၊ ကုန်းနေရေနေသတ္တဝါ ၄၀ ရာခိုင်နှုန်း ပျောက်ကွယ်သွားမည့် စိုးရိမ်စရာ အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးမြှင့်ဖွဲ့စည်းရန် လိုအပ်ပါကြောင်း။
 
၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ” အရ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းပြီး စီမံအုပ်ချုပ်ရာတွင် ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပြင် အနီးပတ်ဝန်းကျင်မှာရှိသည့် ဒေသခံပြည်သူများကို အထောက်အကူပြုရန် ရည်ရွယ်ခဲ့ပါကြောင်း။
 
ယခု နည်းဥပဒေကြမ်းသည် အထက်မှာပြောကြားခဲ့သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကို မိရိုးဖလာဓလေ့ထုံးစံများနှင့် ချိတ်ဆက်ရန်၊ နိုင်ငံတကာ ကတိကဝတ်များကို ဖြည့်ဆည်းရန် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် ဥပဒေကို အကောင်အထည်ဖော်နိုင်ရန် ရေးဆွဲထုတ်ပြန်မည့် နည်းဥပဒေတစ်ရပ် ဖြစ်ပါကြောင်း။
 
ယခုအလုပ်ရုံဆွေးနွေးပွဲမှ အတည်ပြုမည့် နည်းဥပဒေ(မူကြမ်း)ကို အတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ၊ ပြည်ထောင်စုအစိုးရအဖွဲ့တို့ထံသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အတည်ပြုထုတ်ပြန်သည့် နည်းဥပဒေကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အတည်ပြုနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များ ရေးဆွဲရာတွင် တက်တက်ကြွကြွ ပါဝင်ဖြည့်စွက် အကြံပြုပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
 
အလုပ်ရုံဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနေတိုင်းရင်းသားများနှင့် ဒေသခံအစုအဖွဲ့ ကိုယ်စားလှယ်များ၊ ထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ ဖိတ်ကြားထားသူများအားလုံး တက်ရောက်ကြကြောင်း သတင်းရရှိသည်။  
 
(သတင်းစဉ်)