ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် လက်ဖက်များတွင် ခွင့်မပြုဆိုးဆေး ပါဝင်ခြင်းရှိ မရှိစစ်ဆေး

ညောင်ဦး  ၂၂  ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ မဏိစည်သူဈေးနှင့် ဘုန်းဇင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် လက်ဖက်များတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိကို ယနေ့ နံနက် ၉ နာရီက ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

“ဈေးအတွင်းရောင်းနေတဲ့ လက်ဖက်များအား ဈေးကွက်နမူနာများ ကောက်ယူပြီးတော့ အစားအသောက်အတွင်း သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးပါဝင်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး)ကို ပေးပို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံ ဒေါ်သိမ့်သီရိကျော် က ပြောသည်။

 

အဆိုပါစစ်ဆေးရေးအဖွဲ့တွင် ညောင်ဦးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ခံ ဒေါ်သိမ့်သီရိကျော်၊ ညောင်ဦးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)