ဇေယျာသီရိမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ကြသောကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများအား ဆုချီးမြှင့်

နေပြည်တော်  ၁၆ ဇွန် 

 

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား/ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများအား မန်းအောင်ငြိမ်း ဖောင်ဒေးရှင်းမှ ပညာရည်ချွန် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံကြီး၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက်၍ အမှာစကား ပြောကြားသည်။

 

ရှေးဦးစွာ ကော်မရှင်ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုင်ငံတော်အနေဖြင့် ပညာရေးအဆင့် မြင့်မားရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူပညာရေး မြင့်တင်မှု လုပ်ငန်းများကိုစနစ်တကျ ဆောင်ရွက်နိုင်ရန် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွင်းလိုအပ်သည့် ဥပဒေကိုစတင်ဆွေးနွေး ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပညာရေးစနစ် မည်သို့ပြောင်းလဲသော်လည်းကျောင်းသား၊ ဆရာ၊ မိဘ အပါအဝင် ကျောင်းအကျိုးဆောင်များ သည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ပါကြောင်း။

 

ယခုကဲ့သို့ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများဂုဏ်ပြုချီးမြှင့်သည့်အပြင် တက္ကသိုလ်ဝင်တန်း မအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း စာနာထောက်ထားပြီး အားပေးသွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရှေ့ဆက်ရေး အတွက် လိုအပ်သည့် အသက်မွေးကျောင်း ပညာရပ်များဆက်လက် သင်ကြားနိုင်ရန် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ဆွေးနွေးပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားပြီး မိမိအကျိုးနှင့် အများအကျိုးကို သယ်ပိုးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 

ဇေယျာသီရိမြို့နယ် အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် နှစ်စဉ် တာဝန်ရှိသူများက ပါဝင်ဆောင်ရွက်ပေးခဲ့သော်လည်း ယခုနှစ် အောင်ချက်ရာခိုင်နှုန်းသည် ယမန်နှစ် အောင်ချက်ရာခိုင်နှုန်းထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသား နှင့် တာဝန်ရှိသူများက ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

 

ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲတွင်(၄)ဘာသာဂုဏ်ထူးရရှိသူ ၄ ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ ၇ ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ ၁၅ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရရှိသူ ၆၇ ဦးတို့အား နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေး အပ်ကြသည်။

 

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇေယျာသီရိမြို့နယ်မှ အောင်ချက်အကောင်းဆုံး ပထမဆုရအထက(၁)နေပြည်တော်၊ ဒုတိယဆုရအထက(ရေဆင်း)နှင့် တတိယဆုရ အထက(၁၆) (ကျည်တောင်) တို့အား ခရိုင်ပညာရေးမှူး ဦးကြည်ရွှင်က ဂုဏ်ပြုဆုများ ပေးအပ်ပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအတွက် ဂုဏ်ပြု ဆုများကို မြို့နယ်ပညာရေးမှူး ဦးထွန်းဦးက ပေးအပ်သည်။

 

ဆက်လက်၍ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ ကိုယ်စားအမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ (၄)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းဆက်ဟိန်းက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

 

(သတင်းစဉ်)