Japa Fun Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Asian Eleven အသင်းမှ မြန်မာနိုင်ငံကိုယ်စားပြု နည်းပြနှင့် ကစားသမားများ ဂုဏ်ပြုမိတ်ဆက်ပွဲ ကျင်းပ

ရန်ကုန် ၁၀ ဇွန်

 

နိုင်ငံတကာချစ်ကြည်ရေး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဖြစ်သည့် Japa Fun Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် Asian Eleven အသင်းမှ မြန်မာနိုင်ငံကိုယ်စားပြု နည်းပြနှင့်ကစားသမားနှစ်ဦးအား ဂုဏ်ပြုမိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ဂျပန်ဖောင်ဒေးရှင်းအာရှစင်တာမှ Mr.Koji Sato က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် နည်းပြနှင့် ကစားသမားနှစ်ဦးကို မိတ်ဆက်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr.Ichiro Maruyama က အမှာစကားပြောကြားသည်။ 

 

ဆက်လက်၍ တက်ရောက်လာသည့် မီဒီယာများက သိလိုသည်များကို မေးမြန်းပြီး ဂျပန်နိုင်ငံ သံအမတ်ကြီး Mr Ichiro Maruyama၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက နည်းပြ၊ ကစားသမားများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ 

 

ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာတို့ ပူးပေါင်းကျင်းပသည့် Japa Fun Cup ပြိုင်ပွဲအဖြစ် အရှေ့တောင်အာရှ ယူ-၁၈ လက်ရွေးစင်အသင်းနှင့် ဂျပန်အရှေ့မြောက်ပိုင်းဒေသ Tohoku ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇွန် ၂၂ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။ 

 

ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် အရှေ့တောင်အာရှ ၁၁ နိုင်ငံမှယူ-၁၈ ကစားသမားနှစ်ဦးစီနှင့် နည်းပြတစ်ဦးစီ ရွေးချယ်ကာ အရှေ့တောင်အာရှ ယူ-၁၈ လက်ရွေးစင်အသင်းအဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ နည်းပြအဖြစ် မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) နည်းပြ ဂျပန်နိုင်ငံသား တာကူမာ၊ ကစားသမားများအဖြစ် ယူ-၁၈ လက်ရွေးစင်ကစားသမားများဖြစ်သော ဂိုးသမား နေလင်းထက်နှင့် တိုက်စစ်မှူး ပြည့်ဖြိုးအောင်တို့ကို ရွေးချယ်ထားသည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်