“ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲရန်ကုန်မြို့၌ ကျင်းပ

မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ဇာတ်ညွှန်းအခန်းကဏ္ဍ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ် (၅၀) ရွှေတောင်ကြားလမ်း၊ ရုပ်ရှင်အနုပညာရပ်ဝန်းရှိ Film Development Center (FDC)တွင် ကျင်းပသည်။

ဇာတ်ညွှန်း Lမင်းပြည့်မွန်က “ဆွေးနွေးပွဲလုပ်တာ အခုဆိုရင် လေးကြိမ်ရှိပါပြီ။ ပါဝင်မယ့်သူတွေကိုတော့ အလျဉ်းသင့်သလို ရွေးချယ်တယ်။ ဒီနေ့မှာတော့ လူတွေစိတ်ဝင်စားမှုများနေတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြတယ်။ ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ဇာတ်ညွှန်းဆိုတာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါပါတယ်။ ကျွန်တော်တို့ဆီမှာ ဇာတ်ညွှန်းဟာ မှေးမှိန်နေတာတွေရှိတယ်။ ဒါကြောင့် အခုလိုပွဲတွေလုပ်ပြီး ဇာတ်ညွှန်းတွေ အားကောင်းလာအောင် လုပ်ဆောင်နေတာပါ”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် “ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၂)” ခေါင်းစဉ်ဖြင့် လတ်တလော ပရိတ်သတ်များ စိတ်ဝင်စားမှုမြင့်တက်နေသည့် “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကား ဇာတ်ညွှန်းနှင့်ပတ်သက်၍ အဆိုပါ ဇာတ်ကား၏ ဒါရိုက်တာ သြရသ၊ ဇာတ်ညွှန်း လွင်မင်းအံ့တို့နှင့်အတူ ဇာတ်ညွှန်း L မင်းပြည့်မွန်တို့က ဦးဆောင် ဆွေးနွေးပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားကြသည်။ 

ဒါရိုက်တာ ကြရသက “ဒီနေ့မှာတော့ “မုန်းစွဲ” ဇာတ်ကားနဲ့ပတ်သက်ပြီး ဇာတ်ညွှန်း အဆင့်မှာ ဘယ်လို အဆင့်ဆင့်ဖြတ်သန်းခဲ့ရတယ်။ ရိုက်ကူးတဲ့ အချိန်မှာလည်း Location နဲ့ အနေအထားတွေအရ ဇာတ်ညွှန်းလေးတွေကို ဘယ်လိုပြန်ပြင်ဆင်ခဲ့ရတယ် ဆိုတဲ့ အကြောင်းတွေ၊ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးတာပါ။ ဇာတ်ညွှန်းနဲ့ပတ်သက်ပြီးတော့ အလေးအနက်ထားပြီး လုပ်လာကြတဲ့အတွက် ဇာတ်ညွှန်းရေးတာ ဝါသနာ နောက်မျိုးဆက်သစ် လူငယ်တွေအတွက် အများကြီးကောင်းတယ်။ မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေပါတယ်”ဟုပြောသည်။ 

ထို့အတူ ဇာတ်ညွှန်းသည် သရုပ်ဆောင်များအတွက် အရေးကြီးကြောင်း၊ ဇာတ်ညွှန်းကောင်းမွန်မှုကြောင့် သရုပ်ဆောင်မှု အပိုင်းကိုလည်း အထောက်အကူ ဖြစ်စေနိုင်ကြောင်း၊ “မုန်းစွဲ” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာတွင် ဇာတ်ညွှန်းပိုင်းကို သိရှိခဲ့သော်လည်း ယနေ့ဆွေးနွေမှုများကြောင့် ဇာတ်ညွှန်းရေးသည့် အပိုင်းကိုလည်း သိရှိခဲ့ရကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် မိမိအတွက် များစွာအထောက်အကူဖြစ်ကြောင်း သရုပ်ဆောင် အေးဝတ်ရည်သောင်းက ဆိုသည်။

ယင်းကဲ့သို့ ဆွေးနွေးပွဲများကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် စနေနေ့တိုင်း ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာ ၃ ရက်တွင် ပထမအကြိမ်အဖြစ်  “ရုပ်ရှင်နှင့် မြန်မာ့ဟန်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ဒုတိယအကြိမ်အဖြစ် “ဇာတ်ညွှန်းနှင့် ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်တွင် တတိယကြိမ်အဖြစ် "ဇာတ်ညွှန်းနှင့် စိန်ခေါ်မှုများ(၁)" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ပြီး ယနေ့တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ရုပ်ရှင်ပညာကိုစိတ်ဝင်စားသည့် လူငယ်များနှင့် ပြင်ပရုပ်ရှင်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ဝါသနာရှင်များ  တက်ရောက်ကြသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်