International Army Games-2020 Tank Biathlon ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိ၊ ဗိုလ်လုပွဲ ဆက်လက်ယှဉ်ပြိုင်မည်

နေပြည်တော် ၃ စက်တင်ဘာ

 

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၃ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2020 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ (Tank Biathlon) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်တွင် အကြိုဗိုလ်လုပွဲဖြစ်သော လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ (Relay Race) ပွဲစဉ် (၁) ကို အာဆီယံဒေသတွင်း ပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ် တင့်တပ်ဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင် စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရှိရသည်။

 

မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲများအဖြစ် တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Individual Race) တွင် ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာ အသင်းများနှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး သြဂုတ် ၂၄ ရက် တွင် တိုက်ယာဉ်အဖွဲ့ (၁) က ပြိုင်ပွဲဝင်စံချိန် ၃၆:၂၇ မိနစ် ဖြင့် တတိယနေရာ၌ လည်းကောင်း၊ ဩဂုတ် ၂၈ ရက်တွင် တိုက်ယာဉ်အဖွဲ့ (၂) က ပြိုင်ပွဲဝင်စံချိန် ၄၂:၄၃ မိနစ်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၉ ရက်တွင် တိုက်ယာဉ်အဖွဲ့ (၃) က ပြိုင်ပွဲဝင်စံချိန် ၃၃:၃၉ မိနစ် ဖြင့် ပထမနေရာ၌ လည်းကောင်း အသီးသီးပန်းဝင်ခဲ့ပြီး တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Individual Race) တွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်းစံချိန် ၁ နာရီ ၅၂ မိနစ် ၄၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ၈ သင်းတွင် အဆင့် ၄ ရရှိ၍ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ လာအို၊ ကွန်ဂို အသင်းတို့နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

 

အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ကို မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမအမြောက်အား မောင်းလျက် ကျည် ၃ တောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည်တောင့် ၂၀ နွံရပ်လျက် ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက်သေနတ်ကျည်တောင့် ၃ဝ ရပ်လျက်ပစ်ခတ်ခြင်းတို့ကို မောင်းနှင်ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့အနေဖြင့် အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၁ ရက်တွင် အာဆီယံဒေသတွင်း ပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ် တင့်တပ်ဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့်လည်းကောင်း၊ ဗီယက်နမ် တင့်တပ်ဖွဲ့က ပြိုင်ပွဲ ဝင်စံချိန် ၂ နာရီ ၂၃ မိနစ် ၁၆ စက္ကန့်ဖြင့်လည်းကောင်း ပန်းဝင်ခဲ့သည်။

 

အကြိုဗိုလ်လုပွဲ လက်ဆင့်ကမ်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ် (၂) ကို တာဂျစ်ကစ္စတန်၊ လာအို၊ ကွန်ဂို နိုင်ငံအသင်းများက စက်တင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကြပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပါဝင် ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

 

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး