ဟယ်ရီကိန်းနေရာ ဂျေမီနက်ဇ်ဖြင့် အစားထိုးရန် စပါး စီစဉ်

၂၂ ဧပြီ

စပါးနည်းပြ မော်ရင်ဟိုသည် အင်္ဂလန်အသင်း ခေါင်းဆောင် ဟယ်ရီကိန်းအနေဖြင့် အသင်းမှ ထွက်ခွာသွားပါက အဆိုပါကစားသမား၏ နေရာကို ဝုဖ်အသင်းမှ မက္ကဆီကို တိုက်စစ်ကစားသမား ရာအူးလ်ဂျေမီနက်ဇ် (၂၈နှစ်) ဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မန်ယူအသင်းသည် အပြောင်းအရွှေ့ကာလ ကစားသမားဝယ်ယူမှု ထိပ်ဆုံးစာရင်းတွင် စပါးအသင်းမှ ဟယ်ရီကိန်းကို ထည့်သွင်းထားခြင်းကြောင့် စပါးနည်းပြ မော်ရင်ဟို အနေဖြင့် ဝုဖ်တိုက်စစ်ကစားသမား ရာအူးလ် ဂျေမီနက်ဇ်ဖြင့် အစားထိုးရန် စီစဉ်နေခြင်း ဖြစ်သည်။

စပါးနည်းပြ မော်ရင်ဟိုသည် ဂျေမီနက်ဇ်၏ ခြေစွမ်း ကို ကြိုက်နှစ်သက်သူလည်းဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် ဂျေမီနက်ဇ်သည် ဝုဖ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၄၄ ပွဲ ကစားထားပြီး ၂၂ ဂိုး သွင်းယူပေးထားကာ ဂိုးရရှိအောင် ၁၀ ကြိမ် ဖန်တီးပေးထားနိုင် ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လီဗိုင်းသည် အသင်း၏ ဘဏ္ဍာရေး အခက်အခဲကြောင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ ဖြင့် မန်ယူအသင်းသို့ ရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ထားသည်။

ဟယ်ရီကိန်းသည် ဇန်နဝါရီလကတည်းက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသူဖြစ်သည်။ ၎င်းသည် စပါးအသင်းအတွက် ၁၉၈ ပွဲ ကစားထားပြီး ၁၃၆ ဂိုးအထိ သွင်းယူပေးထားနိုင်သည်။ စပါးအသင်းသည် ဝက်စ်ဟမ်းအသင်းမှ အစ်ဆာဒီအော့ပ်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အောင်ဇော်