ဟံသာဝတီဦးဝင်းတင်ပြောပြသည့် ဗိုလ်ချုပ်အကြောင်း

၁၂ ဇူလိုင်

 

(ယမန်နေ့မှအဆက်)

အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးနေတာကိုကြည့်ပြီးတော့ ငါ့စိတ် ထဲမှာ ဘယ်လိုဖြစ်လာတယ်မသိဘူး မထိန်းနိုင်တော့ဘဲ ဗိုလ်ချုပ်သူ့အဝတ်တွေ ဘာတွေ လျှော်နေတဲ့အချိန်မှာ ငါသွားပြောတယ်။ ‘ဗိုလ်ချုပ် ကျွန်တော် စစ်ထဲ ဝင်ချင်တယ်’… လို့။ စစ်ထဲဝင်တဲ့ အကြောင်းအရင်းက စစ်တိုက်ချင်တာကိုးကွနော်။ စစ်ထဲပါချင်တယ်ပေါ့ကွာ။ ကလေးကလည်း ဖြစ်တဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းက ဘာမှမပြောဘူး။

 

ကြည့်နေတယ်။ ‘မင်း ကျောင်းနေလားတဲ့ ‘ဟုတ်ကဲ့၊ နေတယ်လို့။ ‘မင်းဘယ်နှတန်းရောက်ပြီလဲ တဲ့၊ ‘ကျွန်တော် ခုနစ်တန်းဖြေပြီးပြီ လို့ အဲဒီအချိန်တုန်းက ဂျပန်ခေတ်မှာရှိတဲ့ ကျောင်းပေါ့ကွာ။ ဒီလိုပဲ ပြေးလိုက်လွှားလိုက်နေရင်းက ခုနစ်တန်းဖြေပြီးပြီဆိုတော့ ပြောတယ်။ ‘တို့ဆီမှာ စစ်တိုက်မယ့်လူတွေ အများကြီးရှိတယ် တဲ့။ ‘မင်းစစ်ထဲဝင်မယ့်အစား စာသင်ဖို့လိုတယ်။ စာတတ်ဖို့လိုတယ်။ စာတတ်တဲ့ လူတွေ တို့တိုင်းပြည်မှာပိုလိုတယ်။ အဲဒါ မင်းလုပ်။ ဒါပဲပြောတာ။ ငါလည်း ဘာဆက်ပြောရမှန်းလည်း မသိဘူး။ ဘာမှလည်းသူ့ကို ဆက်ပြောစရာမရှိဘူး။ ဆိုလိုတာတော့ မင်းစစ်ထဲ မဝင်နဲ့။ မင်းစာသင်။ ဒါကို ပြောတာ၊ ဆိုတဲ့အခါ ကျတော့ အဲဒါမှတ်မိတယ်။

 

ညကျတော့ ဗိုလ်ချုပ်တို့လည်း ခရီးဆက်ထွက်သွားတာပေါ့ကွာ။ မော်တော်ကားနဲ့ပဲ ညပိုင်းသွားတယ်။ သရက်ဘက် ဆက်ထွက်သွားတာပေါ့ကွာ။ တော်လှန်ရေးဌာနချုပ်ကိုသွားတာပေါ့။ နောက်တော့လည်း မတွေ့တော့ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ ငါပြောလေ့ပြောထလည်းရှိပါတယ်။ ငါဆောင်းပါးတွေ ဘာတွေလည်းရေးဖူးပါတယ်။ ရှိဖူးပါတယ်။ ပြောဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာ အများကြီး ဩဇာလွှမ်းမိုး သွားတယ်။

 

ရှင်းရှင်းပြောရရင် ငါက စစ်တိုက်ချင်တဲ့သူ။ အဲဒီ ခေတ်ကာလက ၁၉၄၅ ခုနှစ်၊ ငါ့အသိုင်းအဝိုင်းကလည်း စစ်ဗိုလ်အသိုင်းအဝိုင်းတွေ။ ရဲဘော် သုံးကျိပ် တို့ ဘာတို့ ရှိတဲ့လူတွေ။ ဦးလေးတွေ၊ သူငယ်ချင်းတွေက စစ်ဗိုလ်တွေ အများကြီး။ ဆိုပါတော့ကွာ.. တစ်ယောက်ပြောမယ်ဆိုရင် ငါတို့သူငယ်ချင်း အေးချို ဆိုတာရှိတယ်။ မျိုးသန့်ဆိုတဲ့ကောင်ရှိတယ်။ မျိုးသန့်ဆိုတဲ့ကောင်ဆို ဗိုလ်မှူးချုပ်တွေ ဘာတွေဖြစ်သွားတယ်။ နောက်တစ်ခါ စိန်လွင်ဆိုတဲ့ကောင်ရှိတယ်။ အခုတော့ မသေသေးဘူးနဲ့တူတယ်၊ ရှိနိုင်တယ်။ ဒီပုသိမ်မှာရှိတယ်။ သူ့မိန်းမက မယ်ဗမာ။ အဲဒီလိုပေါ့. စစ်တပ်ထဲ အများကြီးဝင်ကြတာ။ ထူးမြင့်ဆိုတဲ့ကောင် ရှိသေးတယ်။ ဗိုလ်မှူးကြီးထူးမြင့်ဆိုပြီးတော့ မင်္ဂလာဒုံ စစ်ဆေးရုံ ဆေးတပ်မှူးကြီးဖြစ်ခဲ့ဖူးတယ်။ အများကြီးပါပဲ စစ်ဗိုလ်တွေ။ ငါပြောတာ လွတ်လပ်ရေးရတဲ့အချိန်ကျမှ စစ်သားဖြစ်တာမဟုတ်ဘူး။ တို့တွေက အကုန်လုံးက စစ်သားဖြစ်နေရတဲ့ လူတွေ ဖြစ်နေတာ။

 

ငါဆိုလို့ရှိရင် နောက်ပိုင်းမှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်တယ်။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့ဝင်တာ ငါ့ရဲ့ဦးလေးဖြစ်တဲ့ ဦးမျိုးကျော်ဆိုတဲ့လူဟာ သူက ပြည်သူ့ရဲဘော်တပ်ဖွဲ့ တပ်မှူးလာလုပ်တယ်။ အဲဒီတော့ ပြည်သူ့ရဲဘော် တပ်တွေက အကုန်လုံးက မြို့နယ်တွေမှာလုပ်တော့ အဲဒီမှာ ငါတို့ တပ်ဖွဲ့ဝင်တွေ လုပ်တယ်။ တပ်ဖွဲ့ဝင်လုပ်ပြီးတော့ ငါကိုယ်တိုင်လည်း ပြည်သူ့ရဲဘော် တပ်ဖွဲ့ ဝင်ဖြစ်ခဲ့ဖူးတယ်။ သို့သော် ဘယ်လောက်ပဲဖြစ်ဖြစ် အဲဒီ ဂျပန်ခေတ်တုန်းကရှိခဲ့တဲ့ စိတ်ဓာတ်ပဲရှိရှိ၊ တော်လှန်ရေးကာလမှာလည်း ငါတော်လှန်ရေးဌာနချုပ်မှာ နေရတာ။ တို့ကို ပြန်ပေးဆွဲသွားရင် တို့ကဖြစ်မှာစိုးလို့ ဗိုလ်မင်းခေါင်နဲ့ ပတ်သက်နေတာကို။ ဆိုတော့ ဗိုလ်မင်းခေါင်မိသားစုဆိုတော့ တို့က တော်လှန် ရေးဌာနချုပ် ရွာကနေရွှေ့ပြီး အဲဒီတော်လှန်ရေးဌာနချုပ်မှာ နေခဲ့ရတာ။

 

ဆိုတော့ တို့က တော်လှန်ရေးနဲ့ပတ်သက်ပြီး မြင်တွေ့နေတာ။ စိတ်ထဲမှာ စစ်တိုက်ချင်တဲ့စိတ်ကလည်း ရှိတယ်။ ဒါပေမဲ့ ဒါက လူတိုင်းရှိတဲ့ ကာလပေါ့။ ဒါက ခေတ်ကာလအ‌လျောက်ဖြစ်ပေါ်လာတဲ့စိတ်။ သို့သော် ဘာဖြစ်လာလဲဆိုတော့ အမြဲတမ်း ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားကို သွားသတိရတယ်။ တို့မှာ စစ်တိုက်မယ့်လူတွေအများကြီးရှိတယ်။ စာတတ်တဲ့လူ လိုတယ်။ မင်းစာဆက်သင်ဆိုတဲ့ဟာ။ အဲဒါစိတ်ထဲမှာ အမြဲတမ်းရှိတယ်။ ရှိတဲ့အတွက် ငါနောက်ပိုင်းကျတော့ ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးပြီ။ ၁၉၄၈ မှာ ငါတက္ကသိုလ်ဝင်ခွင့်ဝင်တန်းပေါ့။ မက်ထရစ် ခေါ်တာပေါ့။ matriculation ခေါ်တာပေါ့၊ school leaving ခေါ်တဲ့ ကျောင်းထွက်လက်မှတ် ၉ တန်းနဲ့ ၁၀ တန်း နှစ်ခုစလုံးဖြေပြီးတော့ ငါတက္ကသိုလ် ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ ငါစစ်ထဲဝင်ဖို့ စိတ်ကူးမရှိတော့ဘူး။

 

စစ်နဲ့ပတ်သက်တာတွေ လုပ်ခဲ့ဖူးတာရှိပါတယ်။ ဥပမာ- ဆိုပါတော့ ကျောင်းသားတပ်တို့ဘာတို့ ဝင်ဖူးတာရှိပါတယ်။ သို့သော် ငါအမြဲတမ်းစိတ်ကူး နေတာ စာတတ်ချင်တယ်။ စာရေးချင်တယ်။ စာဖတ် ချင်တယ်။ ကိုယ့်ဟာကိုယ် စာတတ်တဲ့လူတစ်ယောက်ဖြစ်ချင်တယ်။ ဒီနေ့လည်း ငါ အခုဘာပဲပြောပြော စာနဲ့အသက်မွေးတဲ့အလုပ်နဲ့ ကျော်ဖြတ်လာခဲ့တယ်။ နိုင်ငံရေးတွေ၊ ဘာတွေ ရောက်လာတယ်။ ငါဟာ အဆင့်အတန်းအားဖြင့် စာတတ်ပေတတ်ကြီးမဟုတ်ဘူး။ ဒါသေချာတယ်။ academic လည်း မဟုတ်ဘူး။ သို့သော် ဘာပဲပြောပြော စာနဲ့ပဲအသက်မွေးဝမ်းကျောင်း လုပ်ခဲ့တယ်။ တိုင်းပြည်မှာ လူတိုင်း လူတိုင်း စစ်သွေးကြွနေတဲ့အချိန်မှာတောင် စစ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး မလုပ်ဖြစ် တော့ဘူး။ စာနဲ့ပဲ အသက်မွေးတယ်။ စာနဲ့ပဲ ဆင်းဆင်းရဲရဲလည်း လုပ်ခဲ့ဖူးတယ်။ စာနဲ့ပဲ အကျိုးပေးတဲ့ဟာလည်း လုပ်ခဲ့ဖူးတယ်။ စာနဲ့ပဲ အကြောင်းပြုပြီးတော့ အခုနိုင်ငံရေးလောကထဲ ရောက်တာလည်း စာနဲ့ပေနဲ့ အကြောင်းပြုပြီးတော့ ရောက်ခဲ့တာပဲ။ အရေးတော်ပုံကာလမှာ စာနယ်ဇင်းသမဂ္ဂဆိုတာ ဖွဲ့တဲ့အခါမှာ ငါ ဒုတိယဥက္ကဋ္ဌအနေနဲ့ဝင်ပါပြီးတော့ မောင်သော်ကတို့နဲ့ တွဲလုပ်တယ်။ အဲဒါကို အကြောင်းပြုပြီးတော့လည်း NLD တို့ ဘာတို့ရောက်၊ NLD ရောက်ရင်း ကနေ နိုင်ငံရေးရောက်၊ နိုင်ငံရေးရောက်ရင်းကနေ ထောင်ထဲရောက်ပေါ့။ ဒီလိုဟာတွေအကုန်လုံး ကျော်ဖြတ်တဲ့ကာလမှာ ငါစစ်နဲ့လည်း ပတ်သက်တာ မရှိတော့ဘူး။

စာပေနဲ့ပဲ ပတ်သက်ချင်တာ။ ငါ စာနဲ့ပေနဲ့ပဲ အသက်မွေးခဲ့တယ်။ အဲဒါဟာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တို့တိုင်းပြည်မှာ စစ်တိုက်တဲ့လူတွေ အများကြီး ရှိတယ်။ စာတတ်တဲ့လူတွေလိုတယ်။ မင်းစာတတ်အောင်သင်ပါ ဆိုတဲ့စကား … ငါ့ကိုအများကြီး Influence လုပ်ခဲ့တယ်။ အဲဒါကြောင့်လည်း ငါဒီနေ့ကာလအထိ စာနဲ့ပေနဲ့ပဲ အသက်မွေးတဲ့သူ ဖြစ်နေတယ်။ သို့မဟုတ် လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့သူ ဖြစ်နေတယ်။ စစ်နဲ့ပတ်သက်တဲ့သူ မဟုတ်တော့ဘူး။ အဲဒီဟာတွေအကုန်လုံးက ဘာလဲဆိုရင် ဗိုလ်ချုပ် အောင်ဆန်းကို သွားဆက်စပ်မှုရှိတယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းဟာ ငါနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာ ငါနဲ့တွေ့တာ မတ်လအတွင်းမှာတွေ့တာကိုး။ မတ်လ ၂၇ ရက်နေ့မတိုင်ခင်ပေါ့ကွာ။ တော်လှန်ရေးလုပ်ခါနီးနေပြီ။ အဲဒီ ကာလမှာ တွေ့တာဆိုတော့ …ဆိုပါတော့။ အဲဒီကနေ ကျော်ဖြတ် ကျော်ဖြတ် ကျော်ဖြတ်လာခဲ့တဲ့ကာလတွေမှာ ဘယ်လောက်ပဲ ကျော်ဖြတ် ကျော်ဖြတ် ငါ သူ့စကားကိုမမေ့ဘူး။ စာပေနဲ့ပဲ အသက်မွေးတဲ့အလုပ်ကိုလုပ်တယ်။ စာပေနဲ့ပဲဖြတ်လာတယ်။ ဒါကို ငါဒီနေ့အထိမှတ်မိတယ်။ ငါ့ကိုအဲဒီလို လမ်းပြခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်လာသလဲဆိုရင် အာဇာနည်ပုဂ္ဂိုလ် ဖြစ်လာ တယ်။ ဗိုလ်ချုပ် အောင်ဆန်း။

 

အာဇာနည်နေ့ကို စဉ်းစားတဲ့အခါမှာ ငါ တစ်ဖက်ကနေပြီး နိုင်ငံရေး အားဖြင့် စဉ်းစားတဲ့ဟာတွေရှိသလို ပုဂ္ဂိုလ်ရေးအားဖြင့်လည်း စဉ်းစားနိုင်တဲ့ ဟာ ပေါ်လာတယ်။ ဒီအာဇာနည်နေ့ဟာ၊ အထူးသဖြင့် အာဇာနည်တစ်ယောက် ရဲ့ ငါ့ကိုပြောခဲ့တဲ့စကား စာသင်ဟေ့၊ စစ်တိုက်တဲ့လူထက် စာတတ်တဲ့သူတွေ ပိုလိုတယ်ဆိုတာကို ငါမှတ်မိနေတဲ့အတွက် ဒီဟာကို ငါအမြဲတမ်း အာဇာနည် နေ့နဲ့ဆက်စပ်ပြီး စဉ်းစားတဲ့အခါတိုင်း၊ စဉ်းစားတဲ့အခါတိုင်းမှာ ဒီစာသင်ဖို့လို တယ်၊ စာတတ်ဖို့လိုတယ်၊ စာပေသမားတွေ ပိုလိုတယ်၊ စစ်တိုက်ဖို့လူထက် စာသမားပေသမား၊ အသိဉာဏ်သမား၊ အတတ်ပညာသမား ပိုပိုလိုတယ်ဆို တာကို အမြဲတမ်းမှတ်မိနေတယ်။ အဲဒါငါ့ရဲ့အသိတစ်ခုရတဲ့ အာဇာနည်နေ့နဲ့ ပတ်သတ်တဲ့ ဆက်စပ်မှု။

 

နောက်တစ်ခု ငါပြောချင်တာဘာပြောချင်လဲဆိုတော့ ဒီအာဇာနည်နေ့ မှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ကို လုပ်ကြံတဲ့ထဲမှာ အပြင်းထန်ဆုံးလုပ်ခဲ့တဲ့သူက လူသတ်သမား စိန်ကြီးဆိုတာ ဖြစ်တယ်။ စိန်ကြီး။ သူ့နာမည်က မောင်စိန် ပေါ့။ စိန်ကြီး(ခေါ်)မောင်စိန်ပေါ့။ ဒီအာဇာနည် တရားခံတွေကြားထဲမှာသူက အဲဒီအချိန်က အသက်၂၀ လောက်ပဲရှိသေးတယ်။ အာဇာနည်နေ့ ဖြစ်တဲ့အချိန်မှာ ငါက ၁၇ နှစ်သားဆိုတော့ သူက ငါ့ထက် ၅ နှစ်လောက်ကြီးတယ်။ ၄ နှစ်၊ ၅ နှစ်လောက်ကြီးတယ်။ သူ ၂၁ နှစ်လောက် အဲဒီလောက်ပဲရှိဦးမယ်။ အဲဒီတော့ စိန်ကြီးအကြောင်းပြောတဲ့အခါကျတော့ ပထမဦးဆုံး ပြောချင်တာကတော့ အာဇာနည်သတ်မှု လုပ်တဲ့အချိန်မှာ စာရင်းကို ကြည့်တဲ့အခါကျတော့ စိန်ကြီး က တော်တော်ကို ထက်ထက်သန်သန် သတ်တဲ့အထဲမှာ ပါတယ်။

 

တော်တော်ကို ပြင်းပြင်းထန်ထန် ဗိုလ်ချုပ်အောင်ဆန်းတို့ကို ချိန်ပြီးတော့ပစ်တဲ့လူ၊ သူပဲလို့ စွပ်စွဲတဲ့ဟာတွေရှိတယ်။ ဒါကတစ်ချက်။

 

နောက်တစ်ချက်ကလည်း ဘာလဲဆိုတော့ စိန်ကြီးဟာ ထောင်ထဲကို ရောက်သွားတဲ့အခါမှာလည်း သူ့ရဲ့တုံ့ပြန်ချက်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ အပေါ်တုံ့ပြန်ချက်က တော်တော်ကို ပြင်းထန်တယ်လို့ပြောတယ်။ ဗိုလ်ချုပ် အောင်ဆန်းတို့ကိုဆဲဆိုဘာညာ၊ ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ မကျေနိုင်ဘူးပေါ့၊ ကမ္ဘာမကျေ ဘာညာဆိုပြီးတော့ ပြောသွားတဲ့လူမျိုးဆိုတာ မှတ်တမ်း တင်ထားတာရှိတယ်။ အာဇာနည်နေ့ မှတ်တမ်းတွေထဲမှာ။ အဆိုးဆုံးကောင်လို့ ပြောနိုင်တဲ့သူက စိန်ကြီး။ အဲဒီတော့ ငါအခုပြန်စဉ်းစားတဲ့အခါကျတော့ စိန်ကြီးအကြောင်းကို ငါဘယ်လိုပုံစံနဲ့ မှတ်မိလဲဆိုတော့ အခုချိန်ပြန်စဉ်းစား စဉ်းစား၊ ငယ်ငယ်တုန်းက စဉ်းစားစဉ်းစား အမှန်အတိုင်းပြောရင်စိန်ကြီးကို တော်တော်လေးအားကျတယ်။ အားကျတဲ့ ပုဂ္ဂိုလ်ထဲမှာ ပါတယ်လို့ ပြောလို့ ရတယ်။ ဘာလို့လဲဆိုတော့ စိန်ကြီးဟာ ငါပြောသလို ငါတို့ထက် ၄ နှစ်လောက်ကြီးတယ်ပေါ့ကွာ။ ၄ နှစ်လောက်ကြီးတယ်ဆိုတော့ ငါကျောင်းသား သမဂ္ဂဥက္ကဋ္ဌလုပ်နေတဲ့အချိန်။ ငါက ၁၇ နှစ်သားပေါ့။ သူက ၂၁ နှစ်သားလောက် ဖြစ်မှာပေါ့။ အဲဒီအချိန်မှာ ငါကျောင်းသားသမဂ္ဂဥက္ကဋ္ဌမဖြစ်ခင်ဆိုတော့ သူလည်း အာဇာနည်သတ်တဲ့လူ မဖြစ်သေးဘူးပေါ့။ မဟုတ်သေးဘူးပေါ့။

 

အဲဒီလိုမဟုတ်ပေမယ်လို့ သူ့အကြောင်းကို ကောင်းကောင်းမှတ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခုနကပြောခဲ့တဲ့အတိုင်း သူ့ကျောင်းက ကျောင်းအုပ်ကြီး က ဆရာကြီးဦးဖိုးကွန်း။ ပြည်သူ့ရဲဘော်ခေါင်းဆောင်ကြီး။ ဆိုတော့ ဦးဖိုးကွန်း လိုလူမျိုး ခေါင်းဆောင်တယ်ဆိုတော့ ကျောင်းသားတွေပေါ်မှာ နိုင်ငံရေးအရလည်း သိပ်တက်ကြွတဲ့သူတွေ။ စစ်နဲ့ပတ်သက်တဲ့သူတွေ အကုန်လုံး၊ စိန်ကြီး ဆိုရင် နောက်ပိုင်းမှာ တပ်မတော်ထဲကိုဝင်သွားတယ်။ တပ်မတော်သား ဖြစ်တယ်လို့ အမှတ်အသားရှိဖူးတယ်။ ဘယ်လောက် သူတို့ဖြစ်တယ်ဆိုတာ အတိအကျတော့မသိဘူး။ နောက်တစ်ခါ သူ့ရဲ့စစ်ပြီးတဲ့အခါကျတော့ ပြည်သူ့ ရဲဘော်တပ်ဖွဲ့တို့ ဘာတို့ပါတယ်။ ငါလည်း ပြည်သူ့ရဲဘော်တပ်ဖွဲ့တို့ ဘာတို့မှာ ပါတယ်။ ငါ့ဦးလေးကလည်း ပြည်သူ့ရဲဘော်တပ်ဖွဲ့ခေါင်းဆောင်။ ဆိုတဲ့အခါ ကျတော့ ဒီစိန်ကြီးကို အမြဲတမ်းမှတ်မိနေတယ်။ ဒါ့အပြင်ကို ဒီစိန်ကြီးက လူကိုကစမတ်ကျတယ်။ စမတ်ကျတယ်ဆိုတာ စိန်ကြီးကဘာလဲဆိုတော့ တို့ကျောင်းမှာ ဘင်ခရာတီးဝိုင်းတို့ဘာတို့မှာ သူကခေါင်းဆောင်။ လူကလည်း အသားဖြူဖြူချောချော။ စမတ်ကျကျ။ တို့က အမြဲတမ်းစိန်ကြီးကိုအားကျတယ်။ အရပ်ကလည်း ခပ်ထောင်ထောင်မောင်းမောင်း။ အဲဒီတော့ တို့တွေ စစ်ပြီးခါစ စစ်ကြိုခေတ်ပေါ့ကွာ။ အဲဒီတုန်းကတော့ ကျောင်းတွေမှာ ဘင်ခရာတီးဝိုင်းတွေ ရှိတယ်ကွ။ အမျိုးသားအောင်ပွဲနေ့တို့ ဘာတို့ညာတို့ ကျောင်းတွေက ကိုယ့်ဘာသာကိုယ်တို့ ကျောင်းမှာလည်းရှိတာပဲ။ ခုခေတ်တော့မသုံးတော့ဘူး။ ဟိုခေတ်တုန်းက ကျောင်းတိုင်းလိုလိုမှာ ဘင်ခရာတီးဝိုင်း ရှိတယ်။ လွတ်လပ် ရေးသီချင်းတွေဆိုကြတယ်။ ဘင်တွေခရာတွေတီးတယ်။ ကျိုင်းကိုင်တဲ့လူတွေ ကလည်း ရှေ့ကနေလုပ်ဘာညာပေါ့။ တို့ကသိပ်အားကျတာ။ စိန်ကြီးက တို့အားကျတဲ့လူထဲမှာ ပါတဲ့လူလို့ တို့ကပြောလို့ရတယ်။ ဒါကတစ်ခု။

 

နောက်တစ်ခုက ဘာပဲပြောပြော တို့တွေနိုင်ငံရေးလုပ်တဲ့ ၁၉၄၇ စစ်ပြီးကာလလောက်မှာ စစ်ကြိုခေတ်တုန်းက စစ်ပြီးကာလ ၁၉၄၆ လောက်မှာ နိုင်ငံရေးတက်ကြွသူများထဲမှာ စိန်ကြီးပါတယ်။ ဘာလို့လဲဆိုတော့ တို့ကျောင်းက အကုန်နိုင်ငံရေးတက်ကြွတဲ့ကျောင်းကိုး။ အဲဒီတော့ စိန်ကြီးက လည်း တော်တော်တက်တက်ကြွကြွ ဖြစ်တယ်။ နောက်တစ်ခါ တစ်ဖက်ကနေတပ်တွေ တို့တွေပါဝင်တဲ့ ပြည်သူ့ရဲဘော်တို့ဘာတို့မှာလည်း စိန်ကြီးကပါဝင်ပြီး တော့ လှုပ်ရှားခဲ့တဲ့လူတစ်ယောက်။ ဒါကတို့ရဲ့ အားကျမှု။ အဲဒီလိုအားကျမှုဖြစ် နေတဲ့ကာလ။ အဲဒါပြီးသွားတဲ့အချိန်ကျတော့ စိန်ကြီးနဲ့ပတ်သက်ပြီး သတင်း တွေဖြစ်တာက ဘာလဲဆိုတော့(ပုဂ္ဂိုလ်ရေးတော့ နည်းနည်းဆန်တယ်ပေါ့ကွာ) စိန်ကြီးက အဲဒီခေတ်တုန်းက တို့မြို့က အလွန်ကိုနာမည်ကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့သူက သမီးရည်းစား ဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ အဲဒီအမျိုးသမီးကလည်း နောက်ပိုင်းကျတော့ သူဌေးကြီးဖြစ်သွားတယ်။ ဒါ့အပြင်ကို သူက အင်္ဂလိပ်ကျောင်းတွေလည်းနေတယ်။ ကြို့ပင်ကောက်ကနေ ရန်ကုန်မှာသွားနေတယ်။ နေတဲ့အခါမှာ စိန်ကြီးကို ဦးစော သိမ်းသွင်းလို့ပါသွား တဲ့အထဲမှာ အဲဒီသူ့ရည်းစားကိုတွေ့ချင်တဲ့ တစ်ချက်တော့ပါတယ်။ သူ့ရည်းစားက ရန်ကုန်ရောက်သွားပြီကိုး။ ရန်ကုန်ရောက်ပြီးတော့ Convent ကျောင်း မှာနေတယ်။

 

စိန်ကြီးက ဦးစောဆီရောက်သွားတော့ ကားမောင်းသင်ပေးတယ်။ ဂျစ်ကား။ ဂျစ်ကားကလည်း အဲဒီအချိန်တုန်းက ရာဂဏန်း၊ ထောင်ဂဏန်း လောက်ပဲရှိတယ်။ ကြည့်ရတာတစ်ထောင်လောက်ပေးရင် ဂျစ်ကားတစ်စီး ရတယ်။ စစ်အတွင်းကသုံးတဲ့ကားတွေ။ ဆိုတော့ ဦးစောအိမ်မှာ ဂျစ်ကားလည်း မောင်းတတ်တယ်။ ရည်းစားနဲ့သွားတွေ့တယ်။ သတင်းတွေဖြစ်တယ်ပေါ့ကွာ။ ဆိုတော့ အဲဒါတွေကလည်း တို့လူငယ်တွေကြားမှာ စိတ်ကူးယဉ်စရာပေါ့။ စိန်ကြီးဟာလူကလည်းချောပြီး သူ့ရည်းစားက Convent မှာနေတဲ့ဟာ။ သူဌေးသမီး ဘာညာပေါ့ကွာ။ အဲဒီလိုဟာတွေရှိတယ်။ နောက်ပိုင်းမှာ သူထောင်ထဲကို ရောက်သွားတဲ့အခါကျတော့ သေခါနီး(မှတ်တမ်းတွေထဲမှာပါပါတယ်) သူ့ရည်းစားနဲ့တွေ့ချင်တယ်ပြောလို့ အစိုးရကတွေ့ခွင့်ပေးတယ်။ သူ့ရည်းစား ကလည်းသူမသေခင်၊ ကြိုးစင်မတက်ခင်မှာ တွေ့ပေးတယ်။ နောက်ပိုင်းမှာ အဲဒီရည်းစားကလည်း နာမည်ကြီးတဲ့ သူဌေးကြီးတွေဘာတွေ အလိုလို ဖြစ်သွားတယ်။ ဒီမဆလခေတ်တုန်းက သူဌေးကြီးတွေဘာတွေဖြစ်သွားတဲ့ဟာ ရှိတယ်။ အဲဒီတော့ အဲဒီအကြောင်းတွေကြောင့် Roman Tically ပေါ့။ ဒါဟာ စိတ်ကူးယဉ်စရာအနေနဲ့လည်း စိန်ကြီးက ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တို့ ဘာတို့အတွက် တို့အားကျစရာဖြစ်ရုံတင်မကဘူး လူငယ်တစ်ယောက် အနေနဲ့လည်း စိတ်ကူးယဉ်စရာပေါ့။ လူကလူချော သမီးရည်းစားထားတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် သူ့ရည်းစားနဲ့ဆက်သွယ်တယ်။ ဒါလေးတွေ။ ဒါကနောက်ခံနော်။ တို့ရဲ့ဖြစ်နေတဲ့ဟာလေးတွေပြောတာ။

 

အဲဒီတော့ ကောင်းပြီ စိန်ကြီးက ဘယ်လိုရောက်သွားလဲဆိုတော့ စိန်ကြီးရဲ့ မိဘများကတို့ကြားဖူးတာတော့ ဦးစောတို့နဲ့ အဆက်အသွယ်ရှိတယ်။ အရင်တုန်းကတည်းက နိုင်ငံရေးအားဖြင့် အဆက်အသွယ်ရှိတယ်။ သူ့မှာသား တစ်ယောက်ရှိတယ်ဆိုတော့ ဦးစောကလည်း အကုန်လုံးလူစုနေတာ။ ခုနက ပြောသလို လူသတ်မယ့်ကောင်တို့ဘာတို့ စုတာဖြစ်မှာပေါ့ကွာ။ သို့မဟုတ်လည်း သူ့ရဲ့ နောက်လိုက်စုတာပေါ့။ နောက်လိုက်စုတဲ့အခါကျတော့ ဒီသူက လက်နက် တွေကလည်းရပြီ၊ အစိုးရဆီကနေပြီးတော့ လက်နက်တွေထုတ်ပြီးတဲ့အခါ အစိုးရ အင်္ဂလိပ်တပ်တွေကနေပြီးတော့ ဘရင်းဂန်းတွေ ထုတ်ပေးတာ။ အဲဒါတွေရတော့ ကြို့ပင်ကောက်မှာလာဖွက်ပြီးတော့ ရေတွင်းထဲမှာ လာထည့်ထားတယ်။ စိန်ကြီး အဆက်တွေက ဆိုလိုတာက ဦးစောကလည်း ကြို့ပင်ကောက်က မဟုတ်ဘူး။ အုတ်ဖိုသား။ ဒါပေမဲ့ ကြို့ပင်ကောက်နဲ့ အုတ်ဖိုကြားထဲက ရွာလေးတစ်ရွာကမွေးတဲ့လူ။ နောက်ပြီးတော့ ကြို့ပင်ကောက်မှာ စာသင်ဖူးတဲ့လူ။ ခရစ်ယာန်ဘုန်းကြီးကျောင်း။ ဒီဘုန်းကြီးကျောင်းကလည်း နာမည်ကြီး။ နောက်ပိုင်းမှာ ဦးနေဝင်းကို ဆန့်ကျင်ပြီးတော့ ကျော်စွာမြင့်တို့ ဘာတို့ ဆိုတဲ့လူတွေ ခိုးထုတ်တဲ့အခါမှာ ငါ့သူငယ်ချင်းတွေပါတယ်။ အခုတော့ ဦးလှစိုးတို့ ဘာတို့ဆိုရင် ဒီလူတွေသူဌေးတွေပေါ့၊ ဦးနေဝင်းတို့နဲ့ အင်္ဂလန်တွေဘာတွေ သွားပြီးတော့ ကုန်သွယ်ရေးတာဝန်ခံတွေ လုပ်ခဲ့ဖူးတယ်။ နောက်ကျတော့ ပြုတ်ပျက် သွားပြီးတော့ ကျော်စွာမြင့်ကို ခိုးထုတ်ပြီးတော့ ပြင်သစ်ဘုန်းကြီးတွေနဲ့ ဆက်သွယ်ပေးပြီးတော့ ပဲခူးရိုးမကို ကျော်ထွက်သွားပြီးတော့ ကျော်စွာမြင့်က လွတ်သွားတယ်။ ဒီဟာတွေလည်းရှိခဲ့တယ်။

 

အဲဒီတော့ ဆိုလိုတာကတော့ ဒီကျောင်းကလည်း နာမည်ကြီး။ ဦးစောက လည်း ဒီကျောင်းမှာလာပြီး ကျောင်းနေဖူးတယ်။ ဦးဘဖေလည်း အဲဒီကျောင်း ထွက်ပဲ။ ဘကြီးဘဖေဆိုတာ ဗမာပြည်နိုင်ငံရေးမှာ အလွန်ကို နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကြီး။ ဒီကျောင်းထွက်ပဲ။ ဆိုတဲ့အခါကျတော့ ဦးစောဟာ အစောကြီး ကတည်းက လူတွေမွေးနေပြီ။ မွေးတဲ့အခါမှာ စိန်ကြီးရဲ့ မိဘများနဲ့ လာတွေ့တယ်။ တွေ့တဲ့အခါကျတော့ သူတို့ဆီမှာ သားတစ်ယောက်ရှိတယ်လို့ ကြားတယ်။ ဒီသားကလည်း တော်တော်လေးကို နိုင်ငံရေးတက်ကြွတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ဘာတို့ကို ကြည်ညိုတဲ့လူ။ ပြည်သူ့ရဲဘော်တို့ ဘာတို့မှာ ပါဝင်တဲ့လူ။ နောက်ပြီးတော့ လွတ်လပ်ရေးတိုက်ပွဲအတွက် ထောက်ခံတဲ့လူ။ ဒီလိုတက်ကြွလှုပ်ရှားတဲ့ လူငယ်။ ရှိတဲ့အခါကျတော့ စိန်ကြီးကိုလာပြီး စည်းရုံးတယ်။ စိန်ကြီးက သဘောမတူဘူး။ မလိုက်ချင်ဘူး။ ဒါပေမဲ့ ဦးစောက ဆက်ပြီး တော့ ခရီးထွက်တယ်လို့ကြားတယ်။ ပြည်ဘက်အထိခရီးထွက်တယ်။ အပြန်မှာ တစ်ခါ ဝင်ခေါ်တယ်။ ဦးစောကလည်း ဘာပဲပြောပြော တစ်ချိန်တုန်းက ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့သူ ဗမာပြည်မှာ။ နောက်တစ်ခါ သူ့ရဲ့ဆရာများဖြစ်တဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဆရာသခင်တွေက နယ်ချဲ့တွေကလည်း အကုန်လုံး ပြန်လာပြီ။

 

ပြန်လာပြီဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ချက်ရှိတယ်ဆိုတာ လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ မျှော်လင့်ချက်ရှိမယ်။ လူထုထောက်ခံတယ်ဆိုတာ။ လူထုထောက်ခံတယ်ဆိုတာကလည်း အကုန်လုံးက ထောက်ခံတယ် သိတော့သိတာပေါ့။ ဒါပေမဲ့ နိုင်ငံရေးအားဖြင့် တကယ်ပြောရရင် အလားအလာအားဖြင့်ပြောရရင် ဦးစောက ပိုအလား အလာရှိတာပေါ့။ ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့ဖူးပြီ။ အုပ်စိုးတဲ့ လူတွေက ပြန်လာတဲ့ အခါ ဒီလူတွေပဲဆိုတော့ မျှော်လင့်ချက်အများကြီးရှိတယ်။ ရှိတော့ မိဘတွေကလည်း အဲဒီလိုနဲ့ စိန်ကြီးကို ထည့်လိုက်တယ်လို့ ပြောတယ်။ စိန်ကြီးကိုထည့် လိုက်ပြီးတော့ စိန်ကြီးဘယ်မှာ စပျက်သလဲဆိုတော့ တို့ကြားတာဟာ စိန်ကြီးက သွားတုန်းက မလိုက်ချင်ဘူး။ ဘာလို့လဲဆိုတော့ ခုနကပြောသလို ဗိုလ်ချုပ် အောင်ဆန်းတို့ကို ကြည်ညိုတဲ့သူ၊ လူငယ်တွေအသိုင်းအဝိုင်းမှာလည်း လွတ်လပ် ရေးတို့ဘာတို့ဘက်က လုပ်ခဲ့တဲ့သူ၊ နောက်တစ်ခါ ပြည်သူ့ရဲဘော်တို့ဘာတို့ ပါဝင်ခဲ့တဲ့သူ၊။ တပ်မတော် ဝင်ဖူးတဲ့သူလို့လည်း ပြောတယ်၊ တို့ အတိအကျတော့ မသိဘူး။ ကြားဖူးတာပဲ ရှိတယ်။ အဲဒီလို လူမျိုးဟာ အဲဒီလို လူငယ်မျိုးဟာ သူ့ဆီ ကိုပါ သွားတဲ့အခါကျတော့ ဦးစောက တစ်ခါတည်း မွေးတာ။ ဦးစောက လုံချည် တွေ ဘာတွေဝယ်ပေး၊ အင်္ကျီဝယ်ပေး၊ ပိုက်ဆံပေး၊ ကားလည်းပေးထားပြီး သွားလည်း သွားဆိုတော့ စိန်ကြီးက သူ့ရည်းစားနဲ့သွားသွားတွေ့တယ် ပြောတယ်၊ ကျောင်းမှာတွေ့တယ်။ တွေ့ရင်းကနေပြီးတော့ တဖြည်းဖြည်း ဦးစောသွတ်သွင်းတဲ့အထဲကို ပါလာတယ်။

 

ဘာလို့လဲဆိုတော့ ရည်းစားကလည်းရှိတယ်။ အိမ်ထောင်တွေဘာတွေ ပြုမယ်ဆိုရင် သူလည်းအလုပ်အကိုင်တို့ ဘာတို့လိုတယ်ဆိုတာ သိလာတယ်။ တဖြည်းဖြည်းနဲ့ စိတ်ပြောင်းသွားပြီးတော့ ဘက်ပြောင်းသွားတယ်။ တစ်ဖက်က နိုင်ငံရေးအားဖြင့် ဦးစောကနေ ဆက်သွယ်တာပါမယ်။ တစ်ဖက်က ပုဂ္ဂိုလ်ရေးအရလည်း ကိုယ်ရေးကိုယ်တာပါလာတယ်။ ဆိုတော့ အဲဒါကိုကြည့်ရင်း နောက်ပိုင်းကျတဲ့အခါမှာ ဦးစောကနေ စည်းရုံးပြီးတော့ လူသတ်ဖို့လုပ်တယ်။ အဲဒီအခါမှာ စိန်ကြီးက ထက်ထက်သန်သန်နဲ့ သတ်တဲ့အထဲမှာ ပါတယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲရောက်တဲ့အခါကျတော့ ထောင်ထဲမှာ ဗိုလ်ချုပ် အောင်ဆန်းတို့ ဘာတို့ကို ဆဲဆိုတဲ့အခါကျတော့ ဒီသတင်းကထွက်မှသာလျှင် ဦးစောတို့ဘာတို့က သူ့ကို ကယ်ရင်ကယ်နိုင်တယ်။ သူက သူရဲကောင်း ဖြစ်နိုင်တယ်ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို သေခါနီးထိဆဲသွားတယ်လို့ လည်း ပြောတယ်။ သတင်းတွေရှိတယ်။ ဆိုလိုတာက လူတစ်ယောက်ရဲ့ brain ကို၊ ဦးနှောက်ကို လည်အောင်လှည့်လို့ရတယ်ဆိုတာကို ပြောချင်တာပါ။ နိုင်ငံရေးမှာနော်။

 

နိုင်ငံရေးကို ပြည်သူ့ဘက်က ရပ်တဲ့လူ၊ လွတ်လပ်ရေးဘက်က ရပ်တဲ့လူ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဘက်က၊ တပ်တို့ ဘာတို့ ပြည်သူ့ရဲဘော်ဘက်က ရပ်တဲ့လူ၊ ထက်သန်တဲ့လူ၊ တက်ကြွတဲ့လူ၊ ကျောင်းသားခေါင်းဆောင်တွေ ဘာတွေ လုပ်ခဲ့ဖူးတဲ့လူ၊ အဲဒီလူတစ်ယောက်ဟာ နယ်ချဲ့ဘက်ကနေ မွေးလိုက် တဲ့အခါကျတော့ အကုန်လုံးလည်သွားပြီးတော့ ဒီ ကိုယ့်ခေါင်းဆောင်ကို တောင် သတ်တဲ့အဆင့်ကို ဖြစ်သွားတယ်။ ဒါဟာ တို့တွေ အများကြီးသင်ခန်း စာယူဖို့ကောင်းတယ်လို့ ငါယူဆတယ်။ အာဇာနည်နေ့နဲ့ပတ်သက်ပြီးတော့ ငါ့စိတ်ထဲမှာ သင်ခန်းစာရတဲ့ဟာ ဒီတစ်ခုပါတယ်။ ဘာပဲပြောပြော ဒီနေ့ဟာ တို့လူငယ်တွေကို ဘယ်လိုသိမ်းသွင်းမလဲ။ တို့ ဘယ်လို စည်းရုံးမလဲ။ ရှင်းရှင်း ပြောရရင် လူငယ်တွေအကုန်လုံးဟာ တို့အရေး တို့အရေးလုပ်ရုံနဲ့ သို့မဟုတ် လည်း တို့ခေါင်းဆောင်ကြီးပဲ ထောက်ခံတယ်ဆိုရုံနဲ့ မပြီးဘူး။ တစ်နေ့မှာ တို့ ဒီလူငယ်တွေကို မှန်ကန်စွာ မစည်းရုံးနိုင်ဘူး။ ဒီလူငယ်တွေဟာ တစ်နည်းနည်းနဲ့ brainwash အလုပ်ခံရတယ်။ ဦးနှောက်ဆေးကြောခံရတယ်ဆိုတာ ဒီလူငယ်တွေဟာ တို့ခေါင်းဆောင်တွေတောင် ပြန်သတ်နိုင်တဲ့ လူတွေဖြစ်နိုင် တယ်။ ငါ ဆောင်းပါးတစ်ပုဒ်မှာ ရေးဖူးပါတယ်။

 

Independent ဂျာနယ်ထဲမှာ။ ဒီဓားဟာ ကိုယ်ကနေ မထိန်းနိုင်ဘူးဆိုရင် ဒီဓားတွေဟာ ကိုယ့်ကို ပြန်ပြီး သတ်နိုင်တဲ့ ဓားတောင် ဖြစ်နိုင်တယ်ဆိုတဲ့ဟာ ငါရေးတာ။ ငါ စကားလုံးတွေ မမှတ်မိတော့ဘူး။ Independent ဂျာနယ် ပြန်ရှာလိုက်ရင် တွေ့ပါတယ်။ Independent ဂျာနယ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီးရေးတယ်။

 

ဘာလို့လဲဆိုတော့ ဒါက သိပ်ပြီးတော့ အရေးကြီးတယ်။ ငါအခုပြန်ပြီးတော့ အာဇာနည်နေ့နဲ့ပတ်သက်ပြီး သုံးသပ်ရင် တခြားကိစ္စတွေထား ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့သူတွေထဲမှာ တော်တော်များများဟာ ဦးစောရဲ့ ကြေးစားလူသတ်သမားချည်း မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ယုံကြည်တဲ့ သူတွေ တက်ကြွတဲ့သူတွေ။ လူငယ်တွေ။ အဲဒီလူငယ်တွေလည်း ပါသွားတယ် လို့ တို့က သုံးသပ်လို့ရတယ်။ အဲဒီလို သုံးသပ်တဲ့နေရာမှာ အဲဒီလိုဆွဲတာ ဘယ်သူလဲဆိုရင် နယ်ချဲ့သမားဘက်က လူတွေ သို့မဟုတ်လည်း အတိုက်အခံ အင်အားစုဘက်က ဟာတွေက ဆွဲတယ်။ နည်းမျိုးစုံနဲ့ သိမ်းသွင်းတယ်။ ဆွဲတယ်။ နည်းမျိုးစုံနဲ့ သူတို့ကို အားပေးတယ်။ လုပ်တယ်။ အဲဒီအခါမျိုးမှာ လူတွေဟာ ခေါင်းလည်သွားတတ်တယ်။ ခေါင်းလည်သွားရင် ဗိုလ်ချုပ် အောင်ဆန်းလို လူမျိုးကိုတောင် သတ်တဲ့အနေအထား ရောက်သွားတတ်တယ်။ အဲဒါ ဗမာပြည်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းအကြီးကြီးပဲ၊ အကယ်၍သူသာ ယုံကြည်ချက် ခိုင်မာတယ်ဆိုရင် သူများအစောကြီးကတည်းကနေ ဖော်လိုက် မယ်ဆိုရင် ဦးစောတို့ရဲ့ Plan တောင် ပျက်မယ်ဆို ပျက်လောက်တယ်။ ဘာလို့လဲဆိုတော့ သူက ဦးစောရဲ့ အိမ်မှာနေတာကိုး။ သူလည်း သွားလာနေတာ၊ လွတ်လပ်နေတာ၊ သူ့မှာ နဂိုစိတ်ခံရှိတဲ့လူ လွတ်လပ်ရေးစိတ် သို့မဟုတ်လည်း မျိုးချစ်စိတ် သို့မဟုတ်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကို ကြည်ညိုတဲ့စိတ် သို့မဟုတ်လည်း တပ်မတော်တို့ဘာတို့ကို လေးစားတဲ့စိတ်က နဂိုအခံရှိတဲ့ထဲက သူအဲဒီစိတ်အတိုင်း ကျင့်သုံးနိုင်မယ်ဆိုရင် သူဟာ ဦးစောရဲ့ အကြံတွေကိုများ ဖော်လိုက်ရင် ဒီအာဇာနည်နေ့ဆိုတာ လွဲမယ်ထင်တယ်။ ခုတော့ မလွဲတော့ဘူး။ အာဇာနည်နေ့ပေါ်တယ်။ အာဇာနည်နေ့ မလွဲတဲ့အပြင် အာဇာနည်တွေကို သတ်တဲ့အထဲမှာလည်း ပါခဲ့တယ်။ သတ်ပြီးတော့ နောက်ပိုင်းမှာလည်း သူသတ်ခြင်းကို ပိုပြီးတော့ ခိုင်မာအောင် ဆိုပြီးတော့ ထောင်ထဲမှာရှိတုန်းက ဗိုလ်ချုပ်အောင်ဆန်းတို့ဘာတို့ အတော်ကို ကျိန်ဆဲ သွားတယ်လို့ သတင်းတွေ ဖြစ်တယ်။

 

အဲဒီတော့ ချုပ်လိုက်ရင် ဘာလဲဆိုရင် ဒီအာဇာနည်နေ့တွေကတစ်ဆင့် တို့သုံးသပ်လို့ရတာက လူငယ်တွေကို တို့ပုံမှန် စည်းရုံးဖို့လိုတယ်။ နိုင်ငံရေးမှာ။ နိုင်ငံရေးမှာ တို့ ကောင်းတယ်၊ ဆိုးတယ် သူများကို ပြောနေတာ မဟုတ်ပါဘူး။ ဘာပဲပြောပြော နိုင်ငံရေးလမ်းကြောင်းဟာ ပုံမှန်လျှောက်နိုင်အောင် လူတစ်ယောက်ဟာ ဒီလမ်းကြောင်းပေါ်မှာရှိတယ်။ ဒီလမ်းကြောင်းကို ပုံမှန် လျှောက်နိုင်အောင် သူ့ကို စည်းရုံးဖို့တို့၊ သူ့ကို ပညာပေးဖို့တို့၊ သူ့ကို ပုံမှန်ဆက်ဆံဖို့တို့၊ သူ့ကို ပုံမှန်လေ့ကျင့်ပျိုးထောင်ဖို့ လိုတယ်၊ သိပ်လိုတယ်၊ အရေးကြီးတယ်လို့ ယူဆတယ်။ ဒါဟာ အာဇာနည်နေ့မှာ သက်သေပြတဲ့ ငါတို့ရဲ့ ကိုယ်တွေ့ပဲ။ ငါနဲ့ ဆက်စပ်မှုရှိတဲ့ အရာပေါ့။ အဲဒါဟာ သင်ခန်းစာပဲလို့ ငါပြောချင်တယ်။ ဒါ အာဇာနည်နေ့နဲ့ပတ်သက်လို့ ပြောချင်တာ။ ။

 

တွေ့ဆုံမေးမြန်း

အွန်လိုင်းဝဏ္ဏ