ဟံသာဝတီအသင်း နိုင်ပွဲပြန်ယူပြီး ဆက်လက်ဦးဆောင်

၈ မတ်
 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် () နောက်ဆုံးပွဲအဖြစ် ဟံသာဝတီအသင်းနှင့် အားကာသိပ္ပံအသင်းတို့ ယနေ့ညနေပိုင်းက ပဲခူးGrand Royal ကွင်း၌ ကျင်းပရာ ဟံသာဝတီအသင်းက ငါးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။

 

ဟံသာဝတီအသင်းသည် အိမ်ကွင်းတွင် အမှားအယွင်းမရှိ နိုင်ပွဲရယူခဲ့ပြီး ဂိုးပြတ်အနိုင်ရလဒ်နှင့်အတူ ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ယမန်နေ့က ကစားသည့်ပွဲတွင် ဧရာဝတီအသင်း အနိုင်ရခဲ့သောကြောင့် ဟံသာဝတီအသင်းသည် ထိပ်ဆုံးနေရာတွင် ဆက်ရှိရန်အတွက် မဖြစ်မနေနိုင်ပွဲရယူနိုင်ရန် ကြိုးပမ်းခဲ့ပြီး ဂိုးပြတ်ရလဒ်ဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။

 

ြက၆၅


 

ဟံသာဝတီအသင်းသည် ဒဏ်ရာရကစားသမားအချို့မှလွဲ၍ နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သည်။ တန်းတက်အားကာသိပ္ပံအသင်းမှာလည်း အမှတ်လိုနေသောကြောင့် အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ဟံသာဝတီအသင်းသည် နိုင်ပွဲပြန်ရရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၈ မိနစ်တွင် မျိုးဇော်ဦးက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ဟံသာဝတီအသင်း တိုက်စစ်ပိုကောင်းလာသလို အားကာသိပ္ပံအသင်းလည်း ခံစစ်အားနည်းချက်များဖြစ်ပေါ်ခဲ့ရာ ပထမပိုင်းတွင် အနိုင်ဂိုးနှစ်ဂိုး ထပ်မံရရှိခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဂိုးများကို ၂၃ မိနစ်တွင် မျိုးဇော်ဦးနှင့် ၃၄ မိနစ်တွင် ဟိန်းထက်အောင်တို့က သွင်းယူခဲ့သည်။ ဟံသာဝတီအသင်းသည်  ပထမပိုင်းတွင် သုံးဂိုးပြတ်အနိုင်ရနေသော်လည်း ဒုတိယပိုင်းတွင် ဂိုးထပ်ရရန် တိုက်စစ်အားမလျော့ဘဲ ဂိုးထပ်ရရန် တိုက်စစ်မြင့်ကစားခဲ့သည်။ ဒုတိယပိုင်းတွင် ဟံသာဝတီအသင်းသည် ဂိုးထပ်ရရန် ဂိုးသွင်းခွင့်များစွာ ရခဲ့သော်လည်း တိုက်စစ်မှူးအီမီကာ လွဲချော်ခဲ့၍ မိနစ် ၈၀ ကျော်မှ ဂိုးထပ်ရခဲ့သည်။ ဟံသာဝတီအသင်းအတွက် အနိုင်ဂိုးများကို ၈၄ မိနစ်တွင် အီမီကာနှင့် ၈၈ မိနစ်တွင် ဒိုနယ်တို့က သွင်းယူခဲ့သည်။


 

ပွဲစဉ် () အပြီးတွင် ဟံသာဝတီအသင်းက ၂၄ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၂၀၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ ရခိုင်အသင်းက ၁၅ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၀ မှတ်၊ မကွေးနှင့် အားကာသိပ္ပံအသင်းက ခုနစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းက လေးမှတ်စီရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ကိုဇေ