ဟင်္သာတမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ထောက်ပံ့

ဟင်္သာတ ၁၂ ဧပြီ

ဟင်္သာတမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုးကို  ကျေးရွာအုပ်စု(၃)အုပ်စုတွင် စတင်ပေးအပ်ခြင်းကို  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အင်းဓဝယ်ကျေးရွာအုပ်စု မီးနင်းကျေးရွာဓမ္မာရုံတွင်  အခြေပြု၍  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင် တို့က ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော် တို့နှင့်အတူ အင်းဓဝယ်ကျေးရွာအုပ်စု၊ လယ်တော်ကျေးရွာအုပ်စုနှင့် သပြုပင်ကျေးရွာ အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၀၃)စုတို့အတွက် ဆန်(၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ဆား(၅၀) သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်(၁) ပိဿာ စသည့်စားသောက်ကုန်ပစ္စည်း (၅)မျိုးတို့ကို ဖြန့်ဝေပေးအပ်ခဲ့သည်။

 

ဟင်္သာတမြို့နယ်၌ ရပ်ကွက်(၃၁)ရပ် ကွက်နှင့် ကျေးရွာအုပ်စု(၁၀၁)အုပ်စုတို့တွင် အိမ်ထောင်စုပေါင်း (၈၇၂၄၂) စုရှိပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၃၃၈၉၄)စုတို့ရှိ အခြေခံ လူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ကြည်သွန် စားသောက်ကုန်ပစ္စည်း ၅ မျိုးတို့ကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)