ဟင်းကပေါင်းသီးဟင်းလျာ

၁၈ သြဂုတ်

 

ဟင်းကပေါင်းသီးကို ဒေသထွက်ကုန်အဖြစ် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ တွေ့ရပါတယ်။ အဲဒီဟင်းကပေါင်းသီးဟာ ပျိုးထောင်စိုက်ပျိုးထုတ်လုပ်မှုမရှိ သေးတဲ့ရာသီပေါ် သဘာဝသီးနှံစစ်စစ်တစ်မျိုးပါ။

 

ဟင်းကပေါင်းသီးဟာ စားသုံးရာမှာ အလွန်နူးညံ့ပြီး အရသာရှိလွန်းပေမယ့် မြင်ဖူးစားဖူးသူတွေကတော့ မများလှဖူးလို့ ထင်ပါတယ်။မိမိအနေနဲ့ တောင်ငူဘက်၊ မကွေးမင်းတုန်းဘက်က မိတ်ဆွေတွေ အိမ်အလည် လာရင်း ယူလာကြလို့ စားဖူးတာပါ။ စားပြီးပြီးချင်းပဲ ဒီအသီးဟာ မသိသူကျော်သွားသိသူဖော်စားရယ်လို့ စာချိုးရ လောက်အောင်စားကောင်းလှတဲ့ ဟင်းလျာအသီးအနှံမျိုးပေပဲလို့ မှတ်ချက်ပြုမိပါတယ်။ 

 

အသီးအနေအထားက ဈေးထဲမှာတွေ့နေရတဲ့ ကြက်ဟင်းခါးအရိုင်းသီး ပေါက်စလေးတွေ အရွယ်ဖြစ်ပြီး ပုံသဏ္ဌာန်က ပိန္နဲသီးအကင်းလေးတွေနဲ့ခပ်ဆင်ဆင်ပါ။အပေါ်ခွံက နူးညံ့တဲ့ဆူးလေးတွေလိုမျိုးဖြစ်နေပြီး အရောင်က စိမ်းဝါရောင် တောက်တောက်ပါ။ အားသာချက်က ဟင်းကပေါင်းသီးဟာ ကြက်ဟင်း ခါးသီး၊ ပဲလင်းမြွေသီးတွေလို အလယ်အူနဲ့ အစေ့တွေကို ပစ်စရာမလို၊ အခွံခြစ်ပစ်စရာမလိုဘဲ အားလုံးကို စားလို့ရတဲ့ အချက်ပါ။ စားဖူးနေကြသူတွေကတော့ ဟင်းကပေါင်းသီးကို ပုစွန်ကျော့လေးတွေနဲ့ ရောကြော်စားဖို့ ညွှန်း ပါတယ်။ ပုစွန်စိမ်းအစား ပုစွန်ခြောက်လိုမျိုးနဲ့အသားမျိုးစုံကိုလည်း ဟင်းခတ်အဖြစ် ထည့်ပြီးချက်ပြုတ်စားသုံး နိုင်ပါသတဲ့။

 

ဟင်းကပေါင်းသီးကို ပုစွန်နဲ့ကြော်မယ်ဆိုရင် ရှေးဦးစွာ ရေစင်စင်ဆေးပြီး အစိတ်ရှစ်စိတ်လောက်စိတ်ထားပါ။ ကြက်သွန်နီ၊ကြက်သွန်ဖြူ ထောင်းပြီးသားအရောကိုရွှေဝါရောင်သမ်းလာအောင် ဆီသတ်ပါ။ပြီးက ဆား၊ နနွင်း နယ်ပြီးထားတဲ့ ပုစွန်ကျော့ကလေးတွေကိုထည့်ပါ။ ပုစွန်လေးတွေကျက်လောက်ရင် အသင့်ပြင်ထားတဲ့ ဟင်းကပေါင်းသီး စိတ်ကလေးတွေကိုထည့်၊ဆားလေးဖြူးပြီး နှံ့အောင်မွှေပါ။အသီးနူးအောင် လုံးရေလေး နည်းနည်းထည့်ပြီး ကြော်ရပါမယ်။ ဆီဆူသံပေးပြီး ကျွတ်ကျွတ်မည်အောင် ဆီပြန်လာရင်တော့ မီးဖိုမှချကာ စားရန် အသင့်ဖြစ်ပါပြီ။ ဟင်းကပေါင်းသီးနဲ့ ပုစွန်ကြော်ထားတဲ့ ဟင်းလျာက အထူးအဆန်းလေးဖြစ်ပြီး ချက်ရာ မှာလည်းလွယ်ကူ၊ စားသုံးရာမှာလည်း ရိုးရိုးကလေးနဲ့အရသာတွေ့လှတာမို့ အထူးပွဲအဖြစ် ထမင်းဝိုင်းတွေ တည်ခင်းတဲ့အခါ ပွဲထုတ်သင့်တဲ့ဟင်းလျာ တစ်ခွက်ဖြစ်ကြောင်းပါဗျာ။ 

 

စံလွင် (ငါးဦးစီး)