ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တွင် “တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ” ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၂၉

တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်ပွဲအခမ်းနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလားရေးဝန်ကြီးဌာန၊ ကျောက် စိမ်းခန်းမ၌ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲ တမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မန္တလေးမြို့ ဖူးကျင့် နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်းတာဝန်ခံ ကျောင်းအုပ် ဦးအောင်မင်းစိုးနှင့် သင်တန်နည်းပြ ဆရာ/ ဆရာမများ၊ ဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပြီး နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်း များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအနေအထားအရ တရုတ်ခရီးသွား ဈေးကွက်မှာ ကမ္ဘာ့ Outbound ခရီးသွားဈေးကွက်၏ မောင်းနှင်အားတစ်ခုဖြစ်ပြီး ကမ္ဘာနှင့်အဝန်း သွားလာလည်ပတ်မှုအများဆုံး အနေအထား၌ရှိသည်ကို လေ့လာတွေ့ရှိ ရပါကြောင်း၊ တရုတ်ခရီးသွားများသွားလာလည်ပတ်မှု အများဆုံးခရီးစဉ်ဒေသများတွင် အရှေ့တောင်အာရှဒေသပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်ခရီးသွားဈေးကွက်မှာ အလားအလာရှိသော ဈေးကွက်တစ်ခုပင်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ပြည်ပခရီးသွားဧည့်သည် ရောက်ရှိမှုစာရင်းတွင် တရုတ်ခရီးသွားဧည့်သည် ရောက်ရှိမှုမှာ ထိပ်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေသည်ကို တွေ့ရှိရပါကြောင်း။

တရုတ်ဘာသာစကားပြော သင်တန်းများကိုလည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ နေပြည်တော်နှင့် ပုဂံတို့တွင် သက်ဆိုင်ရာသံရုံး၊ အဖွဲ့အစည်းများ၊ ကျောင်းများနှင့် ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ယခုသင်တန်းကို ဖူးကျင့်နိုင်ငံတကာ ဘာသာစကား သင်ကြားရေးဌာနမှ သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်ကြမည့် ဝန်ထမ်းများအနေဖြင့် အကျိုးရှိရှိ ထိရောက်အောင် လေ့လာသင်ယူကြရန်နှင့် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရန် ဆက်လက်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေနှင့် ခေတ်နဲ့လျော်ညီသည့် စွမ်းရည်များ ရှိစေရန်ကြိုးစားပြီး ဝန်ကြီးဌာနမှ အားကိုးအားထားပြုရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြား သည်။

ထို့နောက် မန္တလေးမြို့ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ် ဦးအောင်မင်းစိုးက သင်တန်းကျောင်းဖွင့်လှစ်နေမှု၊ ဘာသာစကား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် ယခုတရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်ဘာသာစကားပြော HSK-1 နှင့် HSK-2 သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။ အဆိုပါ တရုတ်ဘာသာစကား ပြော သင်တန်းများကို သင်တန်းကာလ (၂) လအကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၁၀၀) ခန့် တက်ရောက်သင်ကြားလျက်ရှိပါကြောင်း သိရသည်။

သတင်းစဉ်