ဟိုတယ်ခရီးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ကောင်တာတစ်ခု မြသလွန်စေတီတော်၌ ထားရှိရန်စီစဉ်နေ

မကွေး ၉ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်လည်ပတ်သော ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် သတင်းအချက်အလက် ဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ မကွေးမြို့၊ မြသလွန်စေတီတော်၌ ဟိုတယ်နှင့်ခရီးသွားလာမှုဆိုင်ရာ သတင်းအချက်အလက် ကောင်တာတစ်ခု ဖွင့်လှစ်ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

“Information ကောင်တာတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် တစ်ခုစီဖွင့်ဖို့ လမ်းညွှန်ချက်ရှိပါတယ်။ ရှိပေမယ့် တိုင်းနဲ့ပြည်နယ်တိုင်းမှာတော့ မရှိသေးဘူး။ နိုင်ငံခြားခရီးသွား အဝင်အထွက်များတဲ့ ပုဂံ၊ အင်းလေးနဲ့ ရန်ကုန်၊ မန္တလေးမြို့တွေမှာတော့ ရှိတယ်။ မကွေးတိုင်းမှာ စလုပ်ဖို့ နေရာလေးတောင်းထားတယ်။ နေရာရလို့ ဆောက်ခွင့်ရရင်လည်း တိုင်းဒေသကြီး ဘတ်ဂျက်က ခွင့်ပြုပါဆိုပြီး တင်ပြသွားဖို့ရှိပါတယ်” ဟု မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

 

အင်္ဂလိပ်စကားတတ်သည့် နေ့စားများခန့်ရန် တာဝန်ရှိသူများထံ တင်ပြထားပြီး နေရာရရှိ၊ ဆောက်လုပ်ပြီးပါက ဝန်ထမ်းနှစ်ယောက်ကို ရုံးချိန်အတိုင်း တာဝန်ချထားသွားမည်ဖြစ်ကြောင်း၊ ဂေါပကဥက္ကဋ္ဌ (မကွေးခရိုင် အုပ်ချုပ်ရေးမှူး)က သြဝါဒစရိယဆရာတော်ကြီးများ၏ သြဝါဒခံရဦးမည်ဟု တိုင်းဦးစီးမှူးအား ပြောဆိုထားပြီး တိုင်းဒေသကြီး ဂုဏ်ဆောင်နေရာ တစ်ခုအဖြစ် အဆောက်အဦဆိုင်းဘုတ်အား ခံ့ခံ့ညားညားတပ်ဆင်ကာ ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း တိုင်းဦးစီးမှူး ဦးမြင့်စိန်ထံမှ သိရသည်။

 

“ပြည်တွင်းခရီးသွားကလည်း အရေးကြီးပါတယ်။ အဓိကတော့ ဖော်ရိန်နာကို ဦးတည်တာပေါ့။ Crew တိုးရစ်တွေက တစ်နှစ်ကို လေးထောင်လောက်လာတယ်။ သူတို့လာပြီဆိုရင် မြသလွန်ကို မဖြစ်မေနေ သွားတတ်ကြတယ်။ အဲတော့ မြသွန်စေတီတော်မှာ Information ကောင်တာဆိုပြီးတာ့ လုပ်ဖို့ရှိတယ်။ မကွေးတိုင်းနဲ့ ပတ်သက်တဲ့ ခရီးစဉ်မြေပုံတွေ၊ ပြည်တွင်းဘုရားဖူးအတွက် မြန်မာလိုလက်ကမ်းစာစောင်၊ နိုင်ငံခြားသားအတွက်က အင်္ဂလိပ်လိုပေးမယ်။ မြေပုံတွေပေးမယ်” ဟု ၎င်းကဆိုသည်။

 

မကွေးတိုင်းဒေသကြီးတွင် ဟိုတယ်၊ မိုတယ်(၃၈)လုံးရှိပြီး နှစ်စဉ် နိုင်ငံခြားသားခရီးသွားဦးရေ နှစ်သောင်းခန့် ဝင်ရောက်နေကြောင်း၊ အဆိုပါဦးရေနှစ်သောင်းအနက် ဦးရေတစ်သောင်းကျော်က ဗိသာနိုးနှင့် စလေရုပ်စုံကျောင်းတို့တွင် ဝင်ရောက်လည်ပတ်သည့် နေ့ချင်းပြန်ခရီးသည်များဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းသွား သင်္ဘောများဖြင့် လာရောက်လည်ပတ်သူ လေးထောင်ဝန်းကျင်ရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

 

ဇေယျတု(မကွေး)