ဟိုပုံးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး

ဟိုပုံး     ဒီဇင်ဘာ   ၁၉

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ယာဉ်မတော်တဆ ထိခိုက်မှုများကြောင့် ယာဉ်စီးနင်းသူများ ထိခိုက်မှုအန္တရာယ် မဖြစ်ပေါ် စေရေးအတွက် မော်တော်ယာဉ်မောင်းနှင်သူနှင့်  လိုက်ပါစီးနင်းသူများ အားလုံး အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ရေး အသိပညာ ပေးခြင်းကို    တာဝန်ရှိသူများက  ဒီဇင်ဘာ ၁၇ ရက်တွင် ဟိုပုံး-ဆီဆိုင် သွားလမ်း   မြို့အဝင်ဂိတ်၌ စစ်ဆေးဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊  မြို့နယ်စည်ပင်သာယာရေး ဌာန၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ဟိုပုံး-ဆီဆိုင် လမ်းမကြီးပေါ်တွင်   သွားလာနေကြသော   မော်တော်ယာဉ်များကို ရပ်တန့်စစ်ဆေး၍ ယာဉ်များတွင်ပါရှိသည့် ထိုင်ခုံ ခါးပတ်တပ်ဆင်ခြင်း အလေ့အကျင့်ကို စွဲမြဲစွာကျင့်သုံးလိုက်နာကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး   လက်ကမ်းစာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                             

ပအိုဝ်းဒေသ(ပြန်/ဆက်)