ဟိုပုံးမြို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကုန်ထုတ်လမ်းနှင့် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

ဟိုပုံး  ၂၈  စက်တင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ESAP စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ မေလ ၁ ရက်မှ စတင်၍ ထွန်းကြယ်စင်ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိရာ ငွေကျပ်(၁၁.၇၃၃)သန်းဖြင့်ဆောင်ရွက်သည့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၁/၀)မိုင် ကိုလည်းကောင်း၊ ဂျွန်ကျောက်မြေကုမ္ပဏီမှ ဆောင်ရွက်သည့် ငွေကျပ်(၃၆.၇၅)သန်းဖြင့် ကုန်ထုတ်လမ်း(၃၉၆၀)ပေဖောက်လုပ်ခြင်းနှင့် Box Culvert ၂စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဟိုလိကျေးရွာတွင် အိမ်ထောင်စု(၁၁၀)စု၊ လူဦးရေ ၄၈၀ အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လယ်ယာထွက်ကုန်များ ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့လျင်မြန်စွာ ရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)