ဟိုင်းကြီးကျွန်းတွင် တိုင်းဒေသကြီး FDA က ဆေးဝါးရောင်းချသည့် ဆိုင်များကို စစ်ဆေး

ဟိုင်းကြီးကျွန်း  ၁၀  မေ 

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် ဇီးချိုင်ကျေးရွာတို့တွင် မေလ ၉ရက်နေ့က တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာပြည့်ဖြိုးဦးဆောင်သည့် အဖွဲ့သည် ဟိုင်းကြီးကျွန်းတိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာရာဇာကိုကိုအောင်၊ ကျောက်ချောင်းတိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းမျိုးမင်းနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဆေးဝါးရောင်းချနေသည့်ဆိုင်များကို တရားဝင် လိုင်စင်ပြုလုပ်၍ စည်းမျဉ်စည်းကမ်းနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဆေးဝါးရောင်းချနေသော ဆိုင်(၄)ဆိုင်အနက် လိုင်စင်ရှိ(၁)ဆိုင်၊ လိုင်စင်မရှိ(၃)ဆိုင်အားလည်းကောင်း၊ ဇီးချိုင်ကျေးရွာတွင် ဆေးဝါးရောင်းချနေသောဆိုင်(၉)ဆိုင်ရှိပြီး လိုင်စင်ပြုလုပ်ထားခြင်းမရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့သည်။ လိုင်စင်မရှိသူများတွင် တစ်ချို့မှာလျှောက် ထားဆဲဟုသိရှိရပြီး တစ်ချို့မှာ ရရှိပြီးထားသောလိုင်စင်ကို သက်တမ်းတိုး ဆောင်ရွက်ထားမှု မရှိ၍ စစ်ဆေးသည့်ကာလတွင် အကျုံးဝင်သည့်လိုင်စင်ကို ပြသနိုင်မှုမရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
    

တရားဝင်လိုင်စင်ပြုလုပ်ထားခြင်း မရှိသည့် ဆေးဝါးရောင်းချနေသော ဆိုင်များကိုလိုင် စင်ပြုလုပ်ပြီးမှသာ ဆေးဝါးရောင်းချခွင့်ရှိကြောင်း၊ ဆေးဝါးရောင်းချခွင့် မရှိဘဲဆက်လက်ရောင်းချပါက အမျိုးသားဆေးဝါးဉပဒေအရ အရေးယူခံရမည်ကို သိရှိပါကြောင်း ဝန်ခံကတိ ပြုလက်မှတ်ရေးထိုးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် စစ်ဆေးခဲ့သည့် ဆေးဝါး ရောင်းချသည့်ဆိုင်ပေါင်း(၁၃)ဆိုင်အနက် အမှတ်(၃)ရပ်ကွက်ရှိ ဦးအောင်ကျော်မိုး ရောင်းချနေသော ဆေးဆိုင်တစ်ခုသာ လိုင်စင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။


ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)