ဟိုက်ပါရေတံခွန်သို့အလည်တစ်ခေါက်ရောက်ခဲ့တယ်

သတင်းဆောင်းပါး - မိုးလွင်ဦး(လွိုင်လင်)

 

ဟိုက်ပါရေတံခွန်သည်  ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင် ၊ မိုင်းရှူးမြို့နယ် ၊ ဟိုက်ပါ ကျေးရွာ တွင်တည်ရှိသည်။ဟိုက်ပါရေတံခွန်သည် နမ့်ပန်ချောင်းမှ စီးဆင်းလာပြီး ဖြစ်ပေါ်လာသည့် ရေတံခွန်ဖြစ်သည်။

 

 

ဟိုက်ပါရေတံခွန်သို့သွားရောက်မည်ဆိုပါက တောင်ကြီးမြို့မှ လွိုင်လင်မြို့သို့(၅၈)မိုင်ခရီး ကိုလည်းကောင်း ၊လွိုင်လင်မြို့မှ ပင်လုံမြို့ ထိုမှတစ်ဆင့် လဲချားမြို့(၃၂)မိုင်ခရီးကိုလည်းကောင်း ၊ လဲချားမြို့မှ မိုင်းနောင်မြို့သို့(၄၃)မိုင်ခရီးကိုလည်းကောင်း ၊ မိုင်းနောင်မှ မိုင်းရှူးမြို့သို့ မရောက်ခင်(၉)မိုင်ခန့်ရှိ လမ်းခွဲမှ (၆)မိုင်ခန့်ထပ်မံသွားရောက်ပါက ဟိုက်ပါကျေးရွာသို့ ရောက်ရှိပြီး ရေတံခွန်သို့ရောက်ရှိမည်ဖြစ်သည်။ အလားတူ ဟိုက်ပါရေတံခွန်သို့သွားရောက်မည်ဆိုပါက သီပေါ-မိုင်းကိုင်-မိုင်းနောင်လမ်းအတိုင်းသွားရောက်နိုင်ပါသည်။ ထို့အတူ လားရှိုး-တန့်ယန်း -မိုင်းရှူးလမ်း၊ မိုင်းရယ်လမ်းမှ ကျေးသီး-မိုင်းနောင်လမ်းသို့လည်းကောင်း ၊ လွိုင်လင်-ခိုလမ်-ဝမ်စိမ်း-မိုင်းနောင် လမ်းမှလည်းကောင်း၊ တာချီလိတ်-ကျိုင်းတုံ-ကွန်ဟိန်း- ဝမ်စိမ်း-မိုင်းနောင်လမ်းမှ လည်းကောင်း လမ်းကွန်ယက်သဖွယ်တည်ရှိပြီး ကတ္တရာလမ်းဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အလွယ် တကူ သွားရောက်နိုင်ပါသည်။ လွိုင်လင်မြို့မှ မိုင်းရှူးမြို့နယ် ဟိုက်ပါရေတံခွန်သို့ သွားရောက် မည်ဆိုပါက အထက်ပါတင်ပြထားသည့် လွိုင်လင်-ပင်လုံ-လဲချား -မိုင်းနောင်-မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာရေတံခွန်အထိ မော်တော်ယာဉ်စီးနင်းချိန် (၄)နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ကျွန်တော်သည်အဆိုပါရေတံခွန်သို့ ဧပြီလ ၂၈ ရက် (စနေနေ့)က MRTV ခရီးသွား  ရုပ်သံ အစီအစဉ်ရိုက်ကူးရေးအဖွဲ့နှင့် သွားရောက်လေ့လာ မှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး ကြုံတွေ့သမျှများကို ပြန်လည်မျှဝေပေးလိုပါသည်။

 

 

MRTV ခရီးသွား  ရုပ်သံ အစီအစဉ်ရိုက်ကူးရေးအဖွဲ့နှင့် သွားရောက်လေ့လာ မှတ်တမ်းတင် ရိုက်ကူးခဲ့သမျှကိုမတင်ပြမီ ကြိုတင်ဆောင်ရွက်မှုအခြေအနေများကိုတင်ပြလိုပါသည်။ မြန်မာ ပြည်တွင်း ခရီးသွားပြည်သူများသည် အပမ်းဖြေလေ့လာရေးခရီးစဉ်များကို များသောအားဖြင့် ကလော-အောင်ပန်း-အင်းလေး-ပင်းတယ-တောင်ကြီး-မွေတော်ကက္ကူနှင့် ဟိုပုံးမြို့နယ် ထမ်စမ်းဂူ အထိသာ သွားရောက်လည်ပတ်ပြီး မိမိတို့နေရပ်အသီးသီးတို့ကို ပြန်လည်ထွက်ခွာကြသည်။ သို့သော် ဟိုပုံးမြို့နယ် ထမ်စမ်းဂူမှဆက်လက်ထွက်ခွါလာပါက လွိုင်လင်မြို့နယ် မိုင်းပွန်စဝ်စံထွန်း၏ဟော်နန်းနှင့် ဂူဗိမာန်၊ မဟာမြတ်မုနိဘုရားကြီး စသည့်သမိုင်းကြောင်းများ ကိုလည်းကောင်း၊ လွိုင်လင်မြို့နယ်  ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်၊ နန်းကင်ပူ ရာဇဝင်စေတီတော် စသည့်စိတ်ဝင်စားဖွယ် အကြောင်းအရာများကိုလေ့လာစရာများ တည်ရှိ နေသေးသည်။ အလားတူ လဲချားမြို့နယ်တွင် ရှေးဟောင်းစေတီပုထိုးများနှင့် မန္တလေးမဟာ မြတ်မုနိဘုရားကြီးနှင့် ပုံစံတူ မဟာမြတ်မုနိဘုရား၊ စော်ဘွားဟော်နန်း စသည် လေ့လာများ၊ ထို့အတူ သဘာဝတောတောင်ရေမြေအလှများ၊ ယင်းနက်၊ ယင်းကြား၊ ပလောင်စသည့် တိုင်းရင်းသားများ၏ရိုးရာဝတ်စားဆင်ယင်မှုများ၊ နေထိုင်သည့် ဓလေ့၊ ရိုးရာအစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်းများလည်းလေ့လာစရာများစွာတည်ရှိပါသေးသည်။ ဤကဲ့သို့သော လေ့လာစရာ ၊ လည်ပတ်စရာ၊ အပမ်းဖြေစရာ နေရာများဖော်ထုတ်နိုင်ရန်     MRTV ခရီးသွား  ရုပ်သံ အစီအစဉ်ရိုက်ကူးရေးအဖွဲ့မှ ဒေသခံများနှင့် ပူးပေါင်းတိုင်ပင်ညှိနှိုင်းဆောင်ရွက်ကာ အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်ပါသည်။ MRTV ခရီးသွား ရုပ်သံအစီအစဉ်ရိုက်ကူးရေးအဖွဲ့သည် ဧပြီလ ၂၄ ရက်နေ့မှ စတင်၍ လွိုင်လင်မြို့နယ် (မိုင်းပွန် ၊ ပင်လုံ)တို့တွင် ရိုက်ကူးဆောင်ရွက်ခြင်း ၊ နမ့်စန်မြို့နယ် ရှိ ယင်းနက် ၊ ယင်းကြားတိုင်းရင်းသားကျေးရွာများတွင်ရိုက်ကူးခြင်းများ ဆောင်ရွက်ကြ ပြီး ဧပြီလ ၂၈ ရက်နေ့တွင် လွိုင်လင်မြို့မှ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာ ဟိုက်ပါရေတံခွန်သို့ ရိုက်ကူးရေးထွက်ပါသည်။

 

 

ဧပြီလ ၂၈ ရက်နေ့ နံနက်(၆)နာရီတွင်နံနက်စာ အာဟာရသုံးဆောင်ပြီး  ရိုက်ကူးရေအတွက် လွိုင်လင်မြို့မှ ဟိုက်ပါရေတံခွန်သို့စတင်ထွက်ခွါခဲ့သည်။ လဲချားမြို့သို့အရောက်တွင် ခရီး တစ်ထောက်နားပြီး ရှေးဟောင်းစေတီပုထိုးများနှင့် မန္တလေးမဟာ မြတ်မုနိဘုရားကြီးနှင့် ပုံစံတူ မဟာမြတ်မုနိဘုရား၊ စော်ဘွားဟော်နန်း စသည် လေ့လာပြီး မိုင်းနောင်သို့ ဆက်လက်ထွက်ခွါသည်။ မိုင်းနောင်သို့ရောက်ရှိပါက အဆာပြေ ရှမ်းအစားအစာဖြစ်သည့် တိုဟူးနွေး၊ ရှမ်းခေါက်ဆွဲ၊ လဘက်ရည်၊ ကော်ဖီ၊ အအေးများ စိတ်တိုင်းကျသုံးဆောင်ပြီး ဟိုက်ပါရေတံခွန် တည်ရှိရာ ဟိုက်ပါကျေးရွာသို့ ခရီးဆက်လက်ထွက်ခွါပါက နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိ မည်ဖြစ်သည်။ ဟိုက်ပါကျေးရွာနှင့် ရေတံခွန်သည် လယ်ကွက်အနည်းငယ်သာခြားပြီး မလှမ်းမကန်းတွင် တည်ရှိသည်။ ကျွန်တော်တို့အဖွဲ့ရောက်ရှိချိန်တွင် ကားအစီးရေ (၁၀ဝ)ကျော်၊ လူဦးရေ(၃၀ဝ)ခန့်လောက်ရောက်ရှိနေကြပြီး ရေကစားသူကပျော်ရွင်စွာ ရေကစား၊ စက်လှေစီး သူကစီး၊ အနားယူနေသည့်အဖွဲ့က အနားယူအပမ်းဖြေနေကြသည်။ ထိုနေရာတွင် ရေတံခွန်မှ ရေကျသံ တဝေါဝေါ ဖြင့်လည်းကောင်း၊ ရောင်စုံလိပ်ပြာကလေးများကလည်း အုပ်စုအလိုက် မြူးတူးပျံသန်းနေသည်မှာလည်း အင်မတန်မှ ကြည့်လို့ကောင်းသည့် ပန်းချီကား တစ်ချပ် ပမာလှပနေပါသည်။ စားသောက်ဆိုင်သုံးလေးဆိုင်ရှိပြီးစားသောက်သူများဖြင့်စည်ကားနေသည်။ ရေတံခွန်စီးကျရာအောက် ရေတိမ်ပိုင်းတွင် ရေချိုးသူများ ၊ ရေဆော့သူများစည်ကားနေပေသည်။ ထိုသူများထဲမှ အပမ်းဖြေလာရောက်သူတစ်ဦးနှင့်တွေ့ဆုံသိလိုသည်များမေးမြန်းရာ့ မိသားစုနှင့် အတူ ရန်ကုန်မှ လာရောက်လည်ပတ်ကြောင်း၊ ဒီလိုလှပတဲ့ရေတံခွန် ဒီနေရာမှာရှိကြောင်း တောင်ကြီးမြို မှာနေထိုင်သည့် သူငယ်ချင်းတစ်ဦးက ပြောပြကြောင်း လူမှုကွန်ယက် စာမျက်နှာ များတွင် ဓာတ်ပုံများ တင်ထားကြောင်း၊ ထို့ကြောင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို နွေရာသီကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များတွင် မြန်မာနိုင်ငံအနှံ့ လေ့လာရေး အပမ်းဖြေခရီးထွက်ကြောင်း၊ ယခင်ကတည်းက တစ်ကြိမ်တစ်ခါမျှရောက်ဖူးခြင်းမရှိကြောင်း၊ လူမှုကွန်ယက်စာမျက်နှာများတွင် လမ်းညွှန်မှုရေးသားထားကြောင်း၊ ထို့အပြင် Google Map  ကြည့်ပြီး လာခဲ့ကြောင်း၊ ယခုကဲ့သို့ လှပပြီး ကြီးမားသည့် ရေတံခွန်များ မတွေ့ဖူးကြောင်းပြောပြသည်။ ဆက်လက်၍ ဒေသခံတိုင်းရင်းသူ မိုင်းရှူးဒေသခံ တစ်ဦးဖြစ်သည့် နန်းဖောင်(အမည်ပြောင်း)နှင့်တွေ့ဆုံမေးမြန်းရာ ့ကျွန်မတို့ ဒီဒေသမှာ နေလာတာကြာပါပြီ၊ ဒီရေတံခွန် ရှိတယ်ဆိုတာလဲလူကြီးတွေပြောပြလို့သိပါတယ်၊ ယခင်က နယ်မြေဒေသမအေးချမ်းလို့ ဘယ်သူမှ မလာရောက်နိုင်ပါဘူး၊ အခုတော့ နယ်မြေတည်ငြိမ်အေးချမ်းလာတယ်၊ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်လာတာကြောင့် ဧည့်သည်တော်တော်များများလာကြပါတယ် ၊စည်လည်းစည်ကားလာပါတယ်၊ ကျွန်မတို့ မိုင်းရှူးဒေသအတွက် ဝမ်းသာဂုဏ်မိသလို ပျော်လည်း ပျော်ပါတယ်၊ အရေးအကြီးဆုံးပြဿနာကတော့ အမိူက်ပြဿနာဘဲ၊ လာရောက်လည်ပတ်တဲ့ သူတွေကအမှိုက်တွေကို စနစ်တစ်ကျပစ်ဖို့လိုအပ်သလို ကျွန်မတို့ ဒေသခံတွေဘက်ကလည်း အမှိုက်ပုံးတွေ ထားပေးဖို့လိုအပ်ပါတယ် ၊ဒါ့အပြင် အပေါအပါးသွားဖို့အိမ်သာတွေလဲလိုအပ်ပါတယ် ၊ ကျွန်မတို့ရဲ့ ရေတံခွန်နဲ့ သဘာဝအလှအပတွေ ပျက်စီးသွားမှာကိုတော့ စိုးရိမ်မိပါတယ်၊ အခုက စပါးစိုက်လယ်ကွင်းကို ဖြတ်သန်းပြီး ဒီရေတံခွန်ကိုလာရတာပါ၊ မိုးမကျမီ စပါးမစိုက်ခင် အထိတော့ အဆင်ပြေပေမယ့် စပါးစိုက်ရာသီရောက်ရင်တော့ သွားလာဖို့ခက်ခဲပါတယ်၊ စပါးစိုက် တောင်သူတွေအတွက်လည်း အများကြီးနစ်နာဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရပါတယ်၊ ကားတွေက လယ်ကွင်းထဲအထိဝင်ပြီး ရေကန်စပ်အထိရောက်အောင်ဝင်လာကြတော့ခက်ပါတယ်၊ လူသွားလမ်း လောက်ဘဲ ဖောက်ထားပေးသင့်တယ်လို့မြင်ပါတယ်၊ အခုလိုပွင့်လင်းရာသီမှာ လာရောက် လည်ပတ်တဲ့သူ နေ့စဉ် လူဦးရေ နှစ်ရာ သုံးရာလောက်နဲ့ ကား အစီးရေ တစ်ရာ လောက်တော့ လာကြတယ်လို့  ဒီရွာမှာနေတဲ့ ကျွန်မအဒေါ် ကပြော ပါတယ် ့ ဒီသဘာဝအလှအပရေတံခွန်ကြီး အမြဲစိမ်းလန်းပြီး အမြဲလှပနေဖို့ကို ကျွန်မတို့ဒေသခံတွေရော၊ လာရောက် လည်ပတ်ကြတဲ့ ပြည်သူတွေရော ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ ပြောချင်ပါတယ့်။ ကျွန်တော်တို့အဖွဲ့သည် ဟိုက်ပါရေတံခွန်မှ လွိုင်လင်မြို့သို့ မွန်းလွဲ ၂ နာရီခန့်တွင် ပြန်လည်ထွက်ခွါလာခဲ့ရာ  ည ၇ နာရီတွင် ပြန်လည်ရောက်ရှိကြသည်။ အပြန်ခရီးတစ်လျှောက်တွင် ရေတံခွန်၏ သဘာဝအလှများကို ရေရှည်တည်တံ့အောင် မည်သို့မည်ပုံ ထိန်းသိမ်းသင့်ကြောင်း တွေးတော ငေးမောရင်း အတွေးများစွာဖြင့်ပြန်လာခဲ့ကြသည်။

 

စာရေးသူအမြင်မှာလည်း မိုင်းရှူးဒေသခံ ပြောကြားခဲ့သလို အမှိုက်ပြဿနာများဖြေရှင်းရန် ယာယီအမှိုက်ပုံးများ၊ ဆာလာအိတ်များထားရှိပေးရန်နှင့်  လာရောက်လည်ပတ်ကြသည့် ပြည်သူများကလည်း မိမိတို့၏ စွန့်ပစ်အမှိုက်များကို စနစ်တစ်ကျ စွန့်ပစ်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံပါသည်။သို့မှသာ သဘာဝရေတံခွန်ကြီး၏အလှအပများသည် ထာဝရလှပ နေမည် ဖြစ်သည်။ မိုင်းရှူးဒေသတွင်သဘာဝရေ  တံခွန်တည်ရှိခြင်းကြောင့်  ရပ်နီးရပ်ဝေးမှ ခရီးသွား ဧည့်သည်များ လာရောက်နိုင်ကြသလို ဒေသခံ ပြည်သူများသည်လည်း အလုပ်အကိုင် အခွင့် အလမ်းများရရှိလာပြီး ၊ မိသားစုဝင်ငွေများ လည်းတိုးပွား လာကာ လူနေမှုအဆင့် အတန်း မြင့်မားလာမည်ဖြစ်၍ ဟိုက်ပါရေတံခွန်ကြီး၏ သဘာဝ အလှအပများကို ဝိုင်းဝန်း ထိမ်းသိန်းစောင့်ရှောက်ကာကွယ်ကြရန် ရေသားတင်ပြလိုက်ရပေသည်။    ။