ဟိန္ဒူဘာသာ ယဉ်ကျေးမှုဆိုင်ရာ ရက္ချာန်ဗန်ဓန်(ခ)မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲတော် ၂၀၂၀ အခမ်းအနားသို့ Zoom Cloud Meeting မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေတ္တာစကားမြွက်ကြား

နေပြည်တော်  ၃ ဩဂုတ် 

သနန္တနဓမ္မပါလကဟိန္ဒူအဖွဲ့ချုပ်က ကြီးမှူး၍ ပြုလုပ်သည့် ဟိန္ဒူဘာသာ ယဉ်ကျေးမှုဆိုင်ရာ ရက္ချာန်ဗန်ဓန်(ခ) မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲတော် ၂၀၂၀ အခမ်းအနားသို့ ယနေ့ ညနေပိုင်းတွင်  Online Zoom Cloud Meeting နှင့် SDSS Myanmar Facebook Page လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ကျင်းပသည်။  

အခမ်းအနားကို ဘဂဝါအလံတော်လွှင့်ထူခြင်း၊ ငါးပါးသီလရွတ်ဆိုခြင်းနှင့် အလံတော် အား မေတ္တာနှောင်ကြိုးချည်နှောင်ခြင်း၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှ ပေးပို့ထားသော မေတ္တာသဝဏ်လွှာ ဗီဒီယိုတင်ပြခြင်း၊ Shri Brahma Pada(ခ) ဦးကံကောင်းက ဓမ္မတေးသီချင်းသီဆိုခြင်း၊ အထူးဧည့်သည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မေတ္တာစကားမြွက်ကြားခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က အမှာစကားပြောကြားခြင်း၊ Shri Gagan Kumar က အမြိုက်ဝစန ဖတ်ကြားခြင်း၊ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွဲ့ချုပ်ကိုယ်စား မေတ္တာစကားပြောကြားခြင်း၊ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုးဝင်းက ကျေးဇူးတင်စကား ပြောကြားခြင်း၊ ပတ္ထနာရွတ်ဆိုခြင်း၊ အလံတော်ရုပ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။  

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က Zoom Cloud Meeting မှတစ်ဆင့် မေတ္တာစကားမြွက်ကြားရာတွင် မေတ္တာနှောင်ကြိုး ချည်နှောင်ခြင်းပွဲ တော်ကို ဟိန္ဒူဘာသာဖြင့် ရက္ချာဗန်ဓန် (ရာခီး)ဟုခေါ်ဆိုကြပြီး ရက္ချာဗန်ဓန်ပွဲတော်ကို ဝေဒခေတ်မှ စတင်ကျင်းပခဲ့ကာ နှစ်စဉ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)တွင် ကျင်းပကြကြောင်း၊ ဝါထပ်သည့် နှစ်များတွင် ဒုတိယဝါဆိုလပြည့်နေ့၌ ကျင်းပလေ့ရှိကြောင်း၊ ရက္ချာဗန်ဓန်ပွဲနှင့်စပ်လျဉ်း၍ ထင်ရှားသော အကြောင်းအရာမှာ နတ်ဒေဝတာများနှင့် အသူရာတို့ စစ်ပွဲဖြစ်ပွားချိန်တွင် သိကြားမင်း၏ ကြင်ယာတော်က ခင်ပွန်းဖြစ်သူအား ညာဘက်လက်ကောက်ဝတ်တွင် ရက္ချာ(မေတ္တာ)ကြိုးချည်နှောင်ခဲ့ရာမှ အစပြုခဲ့သည်ဟု မှတ်သားရပါကြောင်း၊ ရက္ချာဗန်ဓန်ဟူသော သက္ကတဘာသာစကားတွင် ရက္ချာသည် ပါဠိဘာသာအားဖြင့် ရက္ခ သို့မဟုတ် ရက္ခဏ အပြန်အလှန် စောင့်ရှောက်ခြင်း၊ ဗန်ဓန်သည် ပါဠိဘာသာအားဖြင့် ဗန္ဓန မေတ္တာကြိုးဖြင့် ချည်နှောင်ခြင်း၊ နှောင်ဖွဲ့ခြင်းဟု အသီးသီး အဓိပ္ပာယ်ရရှိသည့်အတွက် ရက္ချာဗန်ဓန်ဟူသည် မိသားစုအတွင်း၌လည်း ညီအစ်ကို မောင်နှမအချင်းချင်း မေတ္တာကြိုးဖြင့် ဖွဲ့ချည်၍ အပြန်အလှန်စောင့်ရှောက်ကြကာ ငြိမ်းချမ်းမှုကိုဖြစ်စေခြင်း၊ မိတ်ဆွေသင်္ဂဟအတွင်း၌လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း၊ ရပ်ကွက်သူ ရပ်ကွက်သားအချင်းချင်း တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေတ္တာ အရင်းခံသော သံယောဇဉ်နှောင်ကြိုးဖြင့် ရစ်ပတ်ချည်နှောင်ကြကာ အပြန်အလှန် စောင့်ရှောက်ခြင်းဖြင့် ငြိမ်းချမ်းသည့် အသိုက်အဝန်းမှသည် ငြိမ်းချမ်းသောကမ္ဘာကြီးသို့တိုင်အောင် ဖန်တီးဖော်ဆောင်ခြင်း ဟူ၍သာ မိမိအနေဖြင့် အနက် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါကြောင်း၊ ၎င်းအဓိပ္ပာယ်ဖွင့်ဆိုချက်ကို အခြေခံပြီး ဟိန္ဒူမျိုးနွယ်စုအားလုံးကိုအစပြု၍ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တစ်ဦးနှင့်တစ်ဦး မေတ္တာတရားများ ပိုမိုသက်ဝင်နွေးထွေးကြပြီး စည်းလုံးညီညွတ်သည့် မိသားစု အသိုက်အဝန်း၊ ချစ်ခင်နွေးထွေးသည့် လူမှုအဖွဲ့အစည်းတို့ကို ဖန်တီးနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ခြင်း၊ ချစ်ခင်ကြင်နာခြင်းတို့မှသည် အပြန်အလှန်သည်းခံ ခွင့်လွှတ်ခြင်းများစွာသို့ တိုးပွားနိုင်ပါစေရန် ဆုမွန်ကောင်းပို့သ အပ်ပါကြောင်း၊ ယခုအခါ လူသားတိုင်း တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ရင်းနှီးစွာ မေတ္တာတရားများ ဖြန့်ဝေကာ ငြိမ်းချမ်းသာယာလာစေရန် ရှေးရှုသောပွဲတော်ကြီးဖြစ်အောင် ဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ယနေ့ခေတ်ကမ္ဘာမှာ ငြိမ်းချမ်းရေးသည် အလိုအပ်ဆုံးအရာဖြစ်၍ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်မှာလည်း ဗြဟ္မစိုရ်တရား လေးပါးဖြစ်သည့် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား၊ ဥပေက္ခာတရားများပါ ကိုယ်စီကိုယ်စီထားရှိမှသာ ငြိမ်းချမ်းရေးအသီး အပွင့်များကို ခံစားရရှိနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဟိန္ဒူဘာသာဝင်များ၏ ရိုးရာဓလေ့ပွဲတော်လည်း ဖြစ်သော မေတ္တာနှောင်ကြိုး ချည်နှောင်ပွဲသည် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ်များ လွှမ်းခြုံစေသည့် ပွဲတော်ဖြစ်ပြီး စုစည်းညီညာစွာ အတူတကွ လက်တွဲလုပ်ဆောင်နေကြသည်ကို မြင်တွေ့ရခြင်းဖြင့် နိုင်ငံတော်ကြီး အမြဲထာဝရ ငြိမ်းချမ်းသာယာရေးအတွက် အထောက်အပံ့ကောင်းများဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မိပါကြောင်း၊ ယုံကြည် ကိုးကွယ်မှုဆိုင်ရာ အဓိကဘာသာကြီး ၄ ဘာသာရှိသည့်အနက် ဘာသာ အသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များအနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ပတ်သက်၍ လွတ်လပ်စွာယုံကြည်ကိုးကွယ် နိုင်ကြပါကြောင်း၊ ဟိန္ဒူဘာသာ သာသနာ အပါအဝင် အခြားဘာသာ ကြီးများကို နိုင်ငံတော်က အသိအမှတ်ပြု၍ တတ်နိုင်သမျှ ကူညီစောင့်ရှောက်လျက်ရှိပါကြောင်း ပြောကြားသည်။

သတင်းစဉ်