ဟောင်ကောင်နှစ်ပတ်လည်နေ့ အခမ်းအနားကို နှောင့်ယှက်ရန် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီး

၄ ဇူလိုင်

 

ဟောင်ကောင်ကို ဗြိတိန်လက်အောက်ကနေ တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးသည့်  ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နှောင့်ယှက်ရန် ကြိုးစားသည်ဟူသော အဆိုအရ ၁၂ ဦး ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

 

လက်နက်များလက်ဝယ်ရှိသည်ဟု သံသယရှိခြင်း ၊ ဥပဒေနှင့်မညီသော လူစုဝေးခြင်းနှင့် အခြားသောစွဲချက်များဖြင့် သံသယရှိသူ ၁၂ ဦးကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ဆန္ဒပြသူများက  တရုတ်ပြည်မကြီးတွင် တရားရင်ဆိုင်ရန် တရားခံလွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။

 

အဓိကအားဖြင့် လူငယ်များပါဝင်သည့် လူအုပ်စုကြီးသည် ဇူလိုင် ၁ ရက်နေ့က ကျင်းပခဲ့သည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နှောင့်ယှက်ရန်  ဥပဒေပြုလွှတ်တော်အဆောက်အဦးဝန်းကျင်ရှိ လမ်းမများပေါ်တွင် နေရာယူခဲ့ကြသည်။

 

အချို့သောသူများသည် ထိုအဆောက်အဦးကို ဝင်စီးပြီး အတွင်းပိုင်းကို ဖျက်ဆီးခဲ့ကြသည်။
ယင်းသို့ပြင်းထန်သည့် လုပ်ရပ်များနှင့်ပတ်သက်ပြီး တင်းကြပ်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဟောင်ကောင် အစိုးရက ဆိုသည်။

 

အချို့ဒီမိုကရေစီ လိုလားသောအုပ်စုများနှင့် အခြားသူများသည် နိုင်ငံသားများ၏ ပြောဆိုသံကို လျစ်လျူရှုထားခဲ့သောကြောင့် ဟောင်ကောင်အစိုးရမှာ တာဝန်ရှိကြောင်း ပြောဆိုကာ ဆန္ဒပြသူများ၏ လုပ်ရပ်များကို ခုခံကာကွယ်ပြောဆိုကြသည်။

 

ကိုးကား- အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို