ဟာသဇာတ်လမ်းများ ရိုက်ကူးမှုမရှိသေးသည့် ရှိုင်းဇေ

 ဧပြီ ၂၆

အနုပညာလောကသို့ အဆိုတော်အဖြစ် စတင်ဝင်ရောက်လာပြီး အိမ်နီးချင်းကောင်မလေးစီးရီးကို ပထမဆုံး ဖြန့်ချိခဲ့သည်။ တေးသံရှင် အိမ့်ချစ်နှင့် အရိပ်ဆိုသည့် သီချင်းဖြင့် တွဲဖက်သီဆိုမှုကြောင့် ပရိသတ် ပိုမိုသတိထားမိခဲ့ပြီး အဆိုပိုင်းသာမက သရုပ်ဆောင်အဖြစ်နှင့် ရပ်တည်ရန် ကြိုးစားခဲ့သည့် ရှိုင်းဇေက ဟာသဇာတ်ကားများ မရိုက်ကူးဖြစ်သေးကြောင်း ပြောပြသည်။

အနုပညာလုပ်ငန်းများအတွက် ရွှေဧကရာဇ် ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထားထောင်ပြီး “ယောက်ဖကြီးကို ဝန်းရံကြ” ဇာတ်ကားတွင် ခန့်စည်သူ၊ အိချောပိုနှင့်လည်းကောင်း၊ “လိုတရတွင်” ခန့်စည်သူ၊ ပိုင်ဖြိုးသုတို့နှင့် လည်းကောင်း “ရှင်သန်ခွင့်ပေးပါ” တွင် လူမင်း၊ မို့မို့မြင့်အောင်တို့နှင့်လည်းကောင်း ရိုက်ကူးခဲ့ပြီး ဇာတ်ကားပေါင်း ခုနစ်ကားခန့် ရိုက်ကူးထားပြီးဖြစ်ကြောင်း ရှိုင်းဇေက ဆိုသည်။

"သီချင်းဆိုတာကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကပါ။ pop  ပြန်ဆိုတေးလေးတွေ ဆိုထားတာပါ၊ ဇာတ်ကားရိုက်တာတော့ မကြာသေးဘူးဗျာ၊ ကျွန်တော်ကတော့ မိသားစုဘွဲ့ ဇာတ်လမ်းလေးတွေပဲ ပိုကြိုက်တယ်။ ကျွန်တော်က ဒရမ်မာ ပိုင်းကိုပိုကြိုက်တယ်။ ဟာသကားတွေမရိုက်ဖြစ်ဘူး ကိုယ်ပိုင်တဲ့ ဇာတ်ရုပ်လဲ မဟုတ်လို့ပါ ၊ သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့တာက တော့ (၂) နှစ် ရှိပါပြီ ။ ကျွန်တော် ဒီ အနုပညာ အလုပ်ကို လုပ်ချင်တာ ကြာပါပြီ ။ငယ်ငယ်ကတည်းက  ဖြစ်ချင်တာပေါ့။ အိမ်က ဦးစားမပေးဘူး ၊ သဘောမကျဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်က ဝါသနာကြီးတော့ အိမ်ကပေးတဲ့ မုန့်ဖိုးလေးတွေစုပြီး Stars & Models မှာ မော်ဒယ်သင်တန်းတက်ပြီး ၊ ဆရာဂျွန်လွင် အကူအညီနဲ့ ဆရာဦးစောနုဆီမှာ သရုပ်ဆောင်သင်တန်း တက်ခဲ့ပါတယ်။ ဆရာက အိမ်ကို ပြောပေးပါတယ်။ အတွဲခွေစီးရီးကို နေထိုက်စိုး စီစဉ်တဲ့ အခွေလေးမှာ သရုပ်ဆောင်ခိုင်းတယ် အိမ်ကိုလည်းပြောပေးတယ်။ အဲ့ဒါနဲ့ မိဘတွေကလဲ သဘောတူခဲ့တာပေါ့ နောက်ပိုင်း သရုပ်ဆောင်အလုပ်ကို လုပ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်၊ အဲ့တုန်းက ကိုဇော်ပိုင်တို့၊ မချမ်းချမ်းတို့နဲ့အတူ ဂီတသမားတွေ အများကြီးပါတဲ့ " နတ်သားရင်ခွင် နတ်သမီး အိမ်မက် " စီးရီးမှာ သရုပ်ဆောင်ခွင့် ရခဲ့တယ်၊ ကျွန်တော်ကို ရွေးချယ်ခဲ့တာပေါ့" ဟု ပြောသည် ။

သရုပ်ဆောင် ရှိုင်းဇေက " အရင်က ရုပ်ရှင်ကားတွေ ဗီဒီယိုကားတွေ ထွက်သမျှတစ်ကားမှ မလွတ်ဘူး၊ အဲ့တော့ နောက်ပိုင်းကိုယ့်ကိုယ်ကို ပိုသတိထားမိတာကတော့ သရုပ်ဆောင်ပိုင်းကို ပိုနှစ်သက်လာတယ်လို့ ဆိုနိုင်ပါတယ်၊ အနုပညာနဲ့ပတ်သက်ရင် အများကြီးတော့ အခက်မတွေ့ခဲ့ရပါဘူး ၊ အဆိုပိုင်းနဲ့ပတ်သက်ပြီး ပြောမယ်ဆို ကျွန်တော်က သီချင်းတွေကို သူများနဲ့မတူအောင် ဖန်တီးမှုပိုင်းကို လုပ်ပြချင်ခဲ့တာပါ၊ ကျွန်တော်က Pop ပိုင်း နဲ့ R & B ပုံစံလေးတွေ ပိုလုပ်ဖြစ်ခဲ့တယ်၊ ဂီတအလုပ်ကတော့ ကျွန်တော့ကို သရုပ်ဆောင်အဖြစ် ရောက်စေဖို့ တွန်းအားဖြစ်ခဲ့တဲ့ အလုပ်လေးပါ။ ကျွန်တော် ပထမဆုံး စီးရီးလေး လုပ်နေတဲ့အခါ ကိုခန့်တို့နဲ့ဆုံပြီး သရုပ်ဆောင်အလုပ်ကို လုပ်ခွင့်ရလာခဲ့တာပါ ဒါပေမဲ့ အနုပညာအလုပ်ဆို ကံနဲ့စန်းက လုပ်ယူလို့ မရပါဘူး။ ကျန်တာက ကိုယ့်ကြိုးစားမှုပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်ကတော့ သဘာဝဆန်တဲ့ ဇာတ်ကောင်စရိုက်ကို ကြိုက်တယ်။ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကြိုက်တယ်။ ကိုယ့်ဘက်က ပြည့်ဖို့လိုတယ် ကိုယ့်ကို ချစ်ခင်လို့ ဝေဖန်ပေးတာ ဝေဖန်ပါ အသစ်တစ်ယောက်အနေနဲ့ ချစ်ခင်အားပေးပါ" ဟု ပြောသည်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင် နှင့် ဖွေးဖွေးတို့ နှင့် အတူ ဇာတ်ကားများရိုက်ကူးလျက်ရှိပြီး ဆက်လက်၍ ရွှေမန်းသဘင်၏ဝတ္ထု ယူထားသော  "မကြီး"ဟု အမည်ပေးထားသည့် ဇာတ်လမ်းကို ရိုက်ကူးနေပြီး မိသားစုမောင်နှမဇာတ်ဖြစ်ကြောင်း ၊ ဂီတအလုပ်ဖြင့် တေးသီချင်း ၆ ပုဒ်ခန့်ကိုလည်း ဖန်တီးထားကြောင်း ၂၀၁၉ ခုနှစ်တွင် ထွက်ရှိရန် ပြင်ဆင်နေကြောင်း သိရသည်။

ကိုလင်း