ဟားလ်ကို အကြိတ်အနယ်ကစားခဲ့ရပြီး အချိန်ပိုသွင်းဂိုးဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည့် အဲဗာတန်

ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းနှင့် ပရီမီယာလိဂ်ကလပ် အဲဗာတန် အသင်းတို့၏ အက်ဖ်အေ ဖလား တတိယအဆင့်ပွဲစဉ်ကို ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက ဟားလ်အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက် နိုင်ခဲ့သည်။

ယခုပွဲစဉ်တွင် သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေ၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရပြီး အချိန်ပိုတွင် အဲဗာတန်ကစားသမား တောင်းဆန့်က ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် အဲဗာတန်အသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟားလ်အသင်း၏ တုံ့ပြန်ကစားပုံ ကောင်းမွန်မှုကြောင့် ပွဲစသည်နှင့် တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဦးဆောင် ဂိုးကို ဟားလ်အသင်းက ပွဲချိန်တစ်မိနစ်တွင် ပင်ရရှိခဲ့ပြီး စမစ်က သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက်တွင် အဲဗာတန်အသင်းချေပဂိုးရရှိရေးကြိုးစားလာခဲ့ပြီး ပွဲချိန် ၂၁ မိနစ် တွင် ဂရေးက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် အဲဗာတန်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဂိုမက်စ်က သွင်းယူပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းကို အဲဗာတန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဟားလ်အသင်း ကစားအားတက်လာပြီး ပွဲချိန် ၇၁ မိနစ်တွင် ချေပဂိုးသွင်းယူပေး နိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သာမန်ပွဲကစားချိန် ပြည့်သည်အထိ တစ်ဖက် နှစ်ဂိုးစီ သရေကျနေ၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပို ပွဲကစားချိန် ၉၉ မိနစ်အရောက်တွင် အဲဗာတန်အသင်းအတွက် အနိုင်သေချာစေမည့် တတိယ မြောက်ဂိုးကို တောင်းဆန့်က သွင်းယူပေးနိုင်ခဲ့သည်။

ဟားလ်အသင်းသည် ယခုပွဲစဉ်တွင် ပြိုင်ဘက်အဲဗာတန်အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းချက်ရှိနေသည့်အတွက် နိုင်ပွဲရလဒ်နှင့်ဝေးကွာခဲ့ရပြီး ယခုနှစ်ရာသီ အက်ဖ်အေဖလားပြိုင်ပွဲကို တတိယအဆင့်မှ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။

အခြားသော အက်ဖ်အေဖလား တတိယအဆင့် နာမည်ကြီး ပွဲစဉ်ရလဒ် များတွင် လက်စတာက ဝက်ဖို့ဒ်ကို လေးဂိုး-တစ်ဂိုး၊ ဘရိုက်တန်က ဝက်စ်ဘရွန်းကို နှစ်ဂိုး-တစ်ဂိုး၊ ချယ်ဆီးက ချက်စတာ ဖီးလ်ကို ငါးဂိုး-တစ်ဂိုး၊ ဆောက်သမ်တန်က ဆွမ်ဆီးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘန်လေ အသင်းက ဟက်ဒါဖီးလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို နယူးကာဆယ်အသင်းကလည်း ကမ်းဘရစ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

အောင်ဇော်