ဟားခါး၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေး ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီနှစ်ရပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေး ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီ (၂)ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၁ရက် နံနက်ပိုင်းက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးနှင့် သဘာဝအပင်များ ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် စိတ်ပါဝင်စားသည့် ဒေသခံလူငယ်များ လုပ်အားကိုရယူပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြည်နယ်အတွင်းရှိ သဘာဝ သစ်တောသစ်ပင်များ ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က တရားမဝင် လက်နက်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သဘာဝတောရိုင်းတိရစ္ဆာန်များ အပါအဝင် တရားမဝင် သစ်တောထွက်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေး သက်ဆိုင်ရာဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ချင်းပြည်နယ်၏ အထင်ကရနယ်မြေဖြစ်သော ခေါ်နူးစုမ်(နတ်မတောင်) အမျိုးသားဥယာဉ် အပါအဝင် ချင်းပြည်နယ်အတွင်းကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ၊ အောက်ချင်းငှက် (Great  Hornbill) မျိုးစိတ်အပါအဝင် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းကောက်ယူထားရှိမှု အခြေအနေများကို ဖလမ်း၊မင်းတပ်နှင့်ဟားခါး ခရိုင်ကြီးကြပ်မှု ကော်မတီဝင်များ၊ အမျိုးသားဥယာဉ် အုပ်ချုပ်ရေးမှူးများက ရှင်းလင်းတင်ပြကြပြီးနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မြင့်နိုင်စိုး(ထီးလှိုင်မြေ)