ဟားခါးမြို့တွင် ဖွင့်လှစ်ထားသည့် အခြေခံပညာ အထက်တန်းကျောင်းများတွင် COVID-19​ ရောဂါကာကွယ် တားဆီးရေး နေ့စဉ်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

ဟားခါး ၂၉ ဇူလိုင်      

                          

ချင်းပြည်နယ် ဟားခါးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ ထားသော အချက်များနှင့်အညီ ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်းများတွင် COVID-19​ ရောဂါကာကွယ်တားဆီးရေး နေ့စဉ်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ စနစ်တကျဆောင်ရွက်မှု ရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ငွေစံ၊ ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာရန်နိုင်နှင့်အတူ ကျန်းမာရေးဝန်ထမ်းများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 

ရှေးဦးစွာ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ အောင်ငွေစံနှင့် ပူးပေါင်းအဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိကာ စာသင်ကြားရန်ရောက်ရှိလာသည့် ကျောင်းသား၊ ကျောင်းသူများ Reusable Mask, Face Shield တပ်ဆင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ၊ လက်ဆေးရန်သတ်မှတ်ထားသော နေရာများတွင် စနစ်တကျလက်ဆေးခြင်းများ၊ စာသင်ခန်းအဝင်၊ စာသင်ခန်းအတွင်း (၆)ပေကွာ ထိုင်ကာ စာသင်ကြားခြင်းတို့အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက နေ့စဉ် ဆန်းစစ်ရန် သတ်မှတ်ထားသော COVID-19​ ရောဂါကာကွယ်တာဆီးရေး စီမံဆောင်ရွက်ရန် အချက်များ စနစ်တကျ ဆောင်ရွက်ထားရှိမှု ရှိ၊မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြရာ ချင်းပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးဘီကူးဒူ၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီး  ဦးဗျက်ကျုံးနှင့် ဆရာ၊ဆရာမများက နေ့စဉ် ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းခဲ့ကြပါသည်။

 

ထို့နောက် ပူးပေါင်းအဖွဲ့သည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိ၍ စာသင်ကျောင်းအတွင်း၊ စာသင်ခန်းများအတွင်း COVID-19​ ရောဂါကာကွယ်တားဆီးရေး အချက်များ နှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာသင်ကြားမှုတို့ကို စစ်ဆေးကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူ လေးများအား COVID-19​ ရောဂါကာကွယ်တားဆီးရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆွေးနွေးပြောကြားခဲ့ကြပါသည်။

 

ချင်းပြည်နယ်အတွင်း အခြေခံပညာအထက်တန်း ကျောင်းပေါင်း(၂၀၇)ကျောင်းရှိ၍ ဇူလိုင်လ ၂၉ရက်နေ့ယနေ့အထိ (A)အဆင့်ကျောင်း(၁၈၈)ကျောင်းဖွင့်လှစ်နိုင်ရန် တင်ပြထားရာမှ (၁၂၂)ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး တင်ပြထားဆဲ(၆၆)ကျောင်းရှိကြောင်း၊ ကျန်ရှိသည့် ကျောင်းများကိုလည်း အမြန်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖွင့်လှစ်ခွင့်ရရှိပြီး ကျောင်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်စီမံဆောင်ရွက် လျက်ရှိကြောင်း၊ ဟားခါးမြို့နယ်တွင် အစိုးရအထက်တန်းကျောင်း(၁၁)ကျောင်းနှင့် ကိုယ်ပိုင် အထက်တန်းကျောင်း(၁)ကျောင်းရှိရာ အထက်တန်းကျောင်းများ အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရပါသည်။

 

ခရိုင်(ပြန်/ဆက်)