ဟားခါးမြို့ပေါ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ ပြင်ပထွက်ရှိသူများကို ပူးပေါင်းအဖွဲ့များက စစ်ဆေးအရေးယူ

ဟားခါး ၂၇ ဇူလိုင်

 

ချင်းပြည်နယ် ဟားခါးမြို့တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပ မထွက်ကြရန်နှင့် နေအိမ်ပြင်ပထွက်ပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည့် ကျန်းမာရေး လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက လိုက်လံအသိပေး နှိုးဆော်ခြင်းနှင့်အတူ စစ်ဆေးအရေးယူခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမတစ်လျှောက် လမ်းဆုံနေရာ ၃ နေရာတွင် လိုက်နာဆောင်ရွက်ခြင်း မရှိသူများကို မြို့နယ် COVID-19 ရောဂါကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီက စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကူးစက်ရောဂါများ နှိမ်နင်းရေးဉပဒေပုဒ်မ (၁၅)ဖြင့် အရေးယူကာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ချင်းပြည်နယ် ဟားခါးမြို့အတွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် မြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ လူငယ်များပူးပေါင်း၍ လမ်းဆုံနေရာများတွင် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်အတူ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်သူများကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ ဒေသခံပြည်သူများ အလေးထားနေထိုင်မှု၊ နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာမှု လျော့ကျမသွားစေဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာပေးနှိုးဆော်သည့် လုပ်ငန်းများနှင့်အတူ စစ်ဆေးအရေးယူမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)