ဂုတ်တွင်းလမ်းပိုင်းတွင် ကားများအန္တရာယ်ကင်းစွာ ပြန်လည်သွားလာနေပြီဖြစ်

ကျောက်မဲ ၁၆ ဇွန်

           

မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်းပိုင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေကြောင့် လမ်းရေကျော်မှုဖြစ်ပွားခဲ့ကာ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ကားအသွားအလာ ခေတ္တရပ်တန့်ခဲ့ရကြောင်း သိရသည်။

 

ညနေ ၄ နာရီတွင် မိုးစဲခဲ့ပြီးနောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် အမှတ် (၁၂၄)တပ်ဖွဲ့စုမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ရာ ကားများ ပုံမှန်ပြန်လည်သွားလာနေသော်လည်း လမ်းပေါ်တွင် နှုန်းများတင်ကျန်နေသောကြောင့် ကားများ သတိထားမောင်းနှင်နေရကြောင်း ကျောက်မဲမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်အင်ဂျင်နီယာ ဦးဝင်းလွင်ဦးက ပြောသည်။

 

အဆိုပါရေကျော်မှုကြောင့် လမ်းပေါ်တွင် တင်ကျန်ခဲ့သောနှုန်းများ၊ ပျက်စီးနေသည့် လမ်းပခုံးများကို သက်ဆိုင်ရာလမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လူအင်အား၊ စက်ယန္တရားများဖြင့် အချိန်မီ ပြုပြင်ရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် ကားများ အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)