ဂုဏ်ယူမြတ်နိုးဖွယ် ပြည်ထောင်စု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလမ်းကြောင်းပေါ်တွင် တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေပြီဖြစ်သည်။ ပြည်သူများရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရက ပြည်သူများ၏ အင်အားကို အဓိကရယူ၍ ဒီမိုကရေစီလမ်းကြောင်းကို မြဲမြံခိုင်မာတည့်မတ် မှန်ကန်အောင် ကြိုးပမ်းတည်ဆောက်နေသည်။ ပြည်သူ၏အားသည် အဓိကဖြစ်၍ ပြည်သူများအားလုံးက ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးသော စိတ်ဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ဂုဏ်ယူဖွယ် ပြည်ထောင်စုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ထွန်းသစ်စထွက်ပြူနေသည့် ဒီမိုကရေစီအခြေခံအုတ်မြစ် ရင့်ကျက် ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်ဆိုလျှင်မူ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အလွန်အရေးကြီးပြီး ဒွန်တွဲနေသည်ကို ပြည်သူအားလုံးလက်ခံသိရှိကြပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ် ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေး အဆင့်သတ်မှတ်၍ ကြိုးပမ်းဆောင်ရွက်နေသည်။

(၇၃) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က "ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံး ကျေနပ်လက်ခံ ဂုဏ်ယူနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံအစည်းအဝေးမှာ အခြေခံမူတွေချမှတ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေမှာပါ။ ဒါကိုလည်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေကို အခြေခံပြီး ဘုံသဘောတူညီချက်တွေရရှိအောင် ညှိနှိုင်းသွားရမှာ ဖြစ်ပါ တယ်"ဟု ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် တိုင်းပြည်အတွက် အထူးအရေးကြီးပြီး အလျင်အမြန်လိုအပ်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးရေးကို ကြိုးပမ်းတည်ဆောက်နေသည်။ ၎င်းအချက်များသည် တစ်ခုနှင့်တစ်ခု ဒွန်တွဲနေရာ ဦးစွာလိုအပ်သော အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ကာ ညှိနှိုင်းအဖြေရှာ နေကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားနားလည် ယုံကြည်မှု တည်ဆောက်ပြီး ဘုံသဘောတူညီချက်များရရှိလျှင် တိုင်းရင်းသားပြည်သူ များအားလုံး မျှော်မှန်းသည့်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်သည်။

လွန်ခဲ့သည့် ၇၃ နှစ်က တောင်တန်းဒေသနေ တိုင်းရင်းသားခေါင်းဆောင် ကြီးများနှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံမြေ တွင် စုပေါင်းတွေ့ဆုံညှိနှိုင်းကာ ပြည်မနှင့်အတူတကွ လွတ်လပ်ရေးရယူ ကြမည်ဆိုသည့် ဂုဏ်ယူဖွယ် ပြည်ထောင်စုတည်ထောင်မှုပြုရေးအတွက် အရေးကြီးသည့် သမိုင်းဝင်ဆုံးဖြတ်ချက်များကို စိတ်တူ၊ ကိုယ်တူ၊ ဆန္ဒတူ ချမှတ်နိုင်ခဲ့သည်။ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို အခိုင်အမာ တည်ဆောက်နိုင်သောကြောင့် လွတ်လပ်သောနိုင်ငံတော်အဖြစ် ကမ္ဘာ့ အလယ်တွင် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်ခဲ့သည်။

သို့သော် တိုင်းရင်းသားပြည်သူများ၏ မျှော်မှန်းချက်များ၊ လိုအင်ဆန္ဒ များမှာ ပြည့်စုံခြင်းမရှိသေးပေ။ ပြည်သူများအားလုံးလိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက် ရဦးမည် ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တည်ရန်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို တည်ဆောက်ရမည် ဖြစ်သည်။ လွန်ခဲ့သည့် ၇၃ နှစ်က တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံ စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ကာ လွတ်လပ်ရေး အောင်ပန်း ကိုရယူသကဲ့သို့ ယခု (၂၁) ရာစုပင်လုံတွင်လည်း စည်းလုံးညီညွတ်မှုဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ တက်လှမ်းကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စု ကြီး၏ အနာဂတ်အရေးအတွက် အရေးကြီးသည့် (၂၁) ရာစုပင်လုံ နိုင်ငံရေး စားပွဲဝိုင်းတွင် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဂုဏ်ယူဖွယ်၊ မြတ်နိုးဖွယ်၊ လေးစားဖွယ် ပြည်ထောင်စုကြီးဖြစ်ထွန်းလာအောင် စည်းလုံးညီညွတ်မှုကိုအခြေခံ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ