ဂရမ်မီဆုပေးပွဲမှာ စံချိန်သစ်တွေတင်ခဲ့တဲ့ ဘီလီအဲလစ်ရှ်

၂၈  ဇန်နဝါရီ

ကျော်ကြားတဲ့ ဆယ်ကျော်သက် တေးသံရှင်တစ်ဦးဖြစ်သူ ဘီလီအဲလစ်ရှ်ဟာ လတ်တလောပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ထူးချွန်ဆုငါးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ တစ်နှစ်တာအကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသော တေးသံရှင်ဖြစ်လာခဲ့ပြီး အမျိုးသမီးတေးသံရှင်တစ်ဦးအနေနဲ့ အဓိကထူးချွန်ဆုလေးဆုကို တစ်ပြိုင်တည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးတေးသံရှင် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း အီးအွန်လိုင်းငွေ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါ တယ်။

လတ်တလောမှာ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘီလီအဲလစ်ရှ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က လော့စ်အန်ဂျလိစ်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဂရမ်မီဆုပေးပွဲမှာ ထူးချွန်ဆုငါးဆု သိမ်းပိုက်ခဲ့ပါတယ်။ သူဟာ တစ်နှစ်တာအကောင်းဆုံး တေးအယ်လ်ဘမ်ဆု၊ တစ်နှစ်တာအကောင်းဆုံး တေးသီချင်းဆု၊ အကောင်းဆုံး မျက်နှာသစ် တေးသံရှင်ဆုအပါအဝင် ဆုငါးဆု ဆွတ်ခူးခဲ့တာပါ။ ဂရမ်မီသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးသော တစ်နှစ်တာအကောင်းဆုံး တေးအယ်လ်ဘမ်ဆုရှင်အဖြစ် ယခင်က စံချိန်တင်ထားခဲ့တဲ့ တေလာဆွစ်ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။

တေလာဆွစ်ဟာ အသက် ၂၀ အရွယ်မှာ အဆိုပါ ထူးချွန်ဆုကို လက်ခံရရှိခဲ့တာဖြစ်ပြီး ဘီလီအဲလစ်ရှ်ကတော့ အသက် ၁၈ နှစ်အရွယ်မှာ ရရှိခဲ့တာကြောင့် စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဘီလီအဲလစ်ရှ်ဟာ တစ်နှစ်တည်းမှာ အဓိက ထူးချွန်ဆုလေးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော အမျိုးသမီးတေးသံရှင်အဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ အမျိုးသားတေးသံရှင်တစ်ဦးဖြစ်တဲ့ ခရစ်စတို ဖာခရော့ခ်ဟာ ၁၉၈၁ ခုနှစ်က အဓိကထူးချွန်ဆု လေးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးသော တေးသံရှင်အဖြစ် မှတ်တမ်းဝင်ထားခဲ့တာကြောင့် ဘီလီအဲလစ်ရှ်ဟာ ဒုတိယမြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ တေးသံရှင်လည်း ဖြစ်ပါတယ်။

အေးပြည့်