ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်

ရန်ကုန် ၂၄ ဒီဇင်ဘာ

 

ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ကြီးမှူး၍ ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်အတွက် ဂျပန်ရုပ်ရှင်ပွဲတော်ကို ယခင်နှစ်များနှင့်မတူဘဲ နေပြည်တော်တွင် တိုးချဲ့ပြသသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံ အရေအတွက်ကိုလည်း တိုးချဲ့ပြသသွားမည်ဖြစ်သည်။

 

ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ၊ ရန်ကုန်မြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိနှင့် မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပပြသသွားမည်ဖြစ်သည်။

 

ဂျပန်ရုပ်ရှင်ပွဲတော်ကို နေပြည်တော်တွင် အောင်သပြေရုပ်ရှင်ရုံ၊ ရန်ကုန်မြို့တွင် နေပြည်တော်ရုပ်ရှင်ရုံ၊ JCGV ရုပ်ရှင်ရုံ (Junction City)၊ အသစ်တိုးချဲ့ပြသမည့် တာမွေရှိ မင်္ဂလာဘုရင့်နောင် ရုပ်ရှင်ရုံနှင့် မန္တလေးမြို့ ဝင်းလိုက်ရုပ်ရှင်ရုံတို့၌  ကျင်းပပြသသွားမည် ဖြစ်သည်။

 

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ နှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပရာ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အမှာစကားပြောကြားသည်။

 

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ ပွဲစီစဉ်သူ ကိုသိဒ္ဓိက “ဂျပန်ရုပ်ရှင်ပွဲတော်အတွက် ရုပ်ရှင်ကားတွေကို ခြောက်လလောက်ကတည်းက ရွေးချယ်ခဲ့ပြီး ဘာသာပြန်တယ်။  ဒီနှစ်မှာတော့ လွန်ခဲ့တဲ့အပတ်ကစပြီး နေပြည်တော်မှာ နှစ်ရက်တာ ပြသခဲ့ပါတယ်။ ၂၀၁၈-၁၉ ဂျပန်နိုင်ငံမှာပြသခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက အောင်မြင်တဲ့ရုပ်ရှင်ကားတွေကို ပြသမှာဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေကတော့ မတူညီတဲ့ ရသမျိုးစုံကိုပေးနိုင်တဲ့ကားတွေ ဖြစ်ပါတယ်။ ဒီဂျပန်ရုပ်ရှင်ပွဲတော်ကို တစ်နှစ်ထက်တစ်နှစ် ကြည့်ရှုသူ ပရိသတ်တွေ ပိုများလာတယ်၊ စိတ်ဝင်စားလာတာကို တွေ့ရတယ်။ ဂျပန်ရုပ်ရှင်ကားတွေအားလုံးကို ရုံတွေမှာ အခမဲ့ပြသတာပါ။ ရုပ်ရှင်ပြဖို့ တစ်နာရီအလိုမှာ လက်မှတ်တွေကို အခမဲ့ထုတ်ပေးပါတယ်”ဟု ပြောသည်။

 

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ တွင် ဂျပန်ရုပ်ရှင်ကားပေါင်း ၁၁ ကား ပြသသွားမည်ဖြစ်ပြီး အက်ရှင်၊ ဟာသ၊ ဒရာမာမှ အန်နီမေးရှင်း ကာတွန်းအထိ အမျိုးအစားစုံလင်စွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယခင်ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့ပြီး မြန်မာပရိသတ် အများစု၏ အာရုံစိုက်ခံခဲ့ရသော Passage of Life ရုပ်ရှင်ကားကိုလည်း ယခုနှစ် ရုပ်ရှင်ပွဲတော်တွင် ထပ်မံပြသမည်ဖြစ်ပြီး ယခုလက်ရှိတွင် ရေပန်းစားလျက်ရှိသော အက်ရှင်ဟာသဇာတ်မြူးဖြစ်သည့် “The Fable”၊ မြင်တွေ့နေကြ ဆာမူရိုင်း သူရဲကောင်းများ၏ ပုံစံမျိုးမဟုတ်ဘဲ အခြားလူသိနည်းသောပုံစံကို ဖော်ကျူးထားသော ရုပ်ရှင်ဖြစ်သည့် Samurai Shifter ၊ မြူးမြူးကြွကြွ J Pop Rock  သံစဉ်များနှင့် လူငယ်ဆန်ဆန် ဒရာမာဇာတ်လမ်းဖြစ်ပြီး ဂျပန်ကျွန်းမကြီးနှင့် ကွဲပြားသော အိုကီနာဝါ၏ လူမှု နောက်ခံအကြောင်းအရာများကိုလည်း စိတ်ဝင်စားဖွယ် တွေ့မြင်ခံစားနိုင်မည်ဖြစ်သော “Little Love Song” အပြင် အခြားစိတ်ဝင်စားဖွယ်ကောင်းသော ဂျပန်ရုပ်ရှင်ဇာတ်ကား အသစ်များကို အင်္ဂလိပ်-မြန်မာ စာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်သည်။

 

ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)မှ ဒါရိုက်တာ Koji Sato က “ဒီနှစ်မှာတော့ ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့အပြင် နေပြည်တော်မှာလည်း တိုးချဲ့ပြသသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း ရုပ်ရှင်ရုံ အရေအတွက်ကို ထပ်မံတိုးချဲ့ ပြသမှာဖြစ်တဲ့အတွက် လူတိုင်းလိုလို ကျွန်တော်တို့ရဲ့ ရုပ်ရှင်ပွဲတော်ကို လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဆိုတာ လူ့အဖွဲ့အစည်း၊ လူတွေရဲ့ဘဝ၊ အတွေးအမြင်၊ စိတ်ခံစားချက်တို့ကို ထင်ဟပ်ပြသနေတဲ့ ဖျော်ဖြေရေး မီဒီယာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေလည်း ဂျပန်ရုပ်ရှင်တွေကို ကြည့်ရှုခံစားပြီး ဂျပန်နိုင်ငံ၊ ဂျပန်လူမျိုးတွေနဲ့ ပိုပြီး နီးကပ်ရင်းနှီးလာမယ်လို့ မျှော်လင့်မိပါတယ်”ဟု ပြောသည်။

 

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉-၂၀၂၀ နှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို https://www.Facebook.com/Japanese-Film-Festival-Myanmar-134543210560417 တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်း - ရီရီမြင့်

ဓာတ်ပုံ - လှမိုး

 

‌ေ‌ေ၂၃