ဂျပန်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့် ခရီးသွားများအတွက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကို တစ်စိတ်တစ်ပိုင်း ပြေးဆွဲခွင့်ပြု

တိုကျို   ၂၇   ဇွန်

ဂျပန်နိုင်ငံသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြေးဆွဲခြင်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပြန်လည် ပြေးဆွဲခွင့်ပြုခဲ့ပြီး တိုကျိုမြို့ နာရီတာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ပြေးဆွဲခြင်းလည်းဖြစ်သည်။

ဂျပန်ကုန်သွယ်ရေးဌာနနှင့် ဗီယက်နမ်စက်မှုလုပ်ငန်းတို့ ပူးပေါင်းပြီး ဗီယက်နမ်လေကြောင်းလိုင်းကို သုံးကြိမ်ပြေးဆွဲရန် စီစဉ်ထားကာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ် ပြေးဆွဲမှုဖြစ်သည်။

အဆိုပါလေယာဉ်သည် ခရီးသည် ၁၅၀ တင်ဆောင်ပြီး ဂျပန်နိုင်ငံမှ ထွက်ခွာလာခဲ့ကာ ကိုဗစ်- ၁၉ ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ခရီးသွားများသည် အကာအကွယ်ဝတ်စုံများ၊ ပါးစပ်နှာခေါင်းစည်းများ ဝတ်ဆင် ထားကြသည်။

ဗီယက်နမ်မြောက်ပိုင်း ဗန်ဒွန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသောအခါ ခရီးသည်များ အားလုံးသည် ပီစီအာ စစ်ဆေးမှုခံယူရ မည်ဖြစ်ပြီး နှစ်ပတ်ကြာ သီးခြားနေထိုင်ရမည် ဖြစ်သည်။

ဗီယက်နမ်အခြေစိုက် ဂျပန် ထုတ်လုပ်ရေး ကုမ္ပဏီများမှာ လတ်တလောတွင် ဂျပန်လုပ်သား ပြတ်တောက်သည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။ စက်မှုလုပ်ငန်းများ တွင်လိုအပ်သည့် လူသားအရင်း အမြစ်များ ရရှိတော့မည်ဖြစ်၍ စိတ်သက်သာရာရကာ ပျော်ရွှင်မိကြောင်း ဗီယက်နမ်နိုင်ငံရှိ Sharp ကုမ္ပဏီမှ ဥက္ကဋ္ဌ ဝါဒါ ကာဇူဟီတိုက ပြောသည်။

လေယာဉ်သုံးကြိမ် ပြေးဆွဲခြင်းဖြင့် ဂျပန်နိုင်ငံမှ စီးပွားရေးသမား ၄၄၀ ဝန်းကျင်ခန့်မှာ ဗီယက်နမ်နိုင်ငံ သို့ရောက်ရှိလာမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ရောက်ရှိနေသည့် လုပ်သားများ ပြန်လာခွင့်ရရှိရန်လည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မျှော်လင့်ထားသည်။ ယခုလ အစောပိုင်းကလည်း ဂျပန်နိုင်ငံသည် ကိုဗစ် -၁၉ အတွက်ထားရှိသည့် ကန့်သတ်မှုများကို ဖြေလျှော့ပေးမည်ဖြစ်ပြီး နယူးဇီလန်၊ ဩစတြေးလျ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့မှ စီးပွားရေးသမားများကိုလည်း တစ်နေ့လျှင် ၂၅၀ ခန့် ပြည်ဝင ခွင့်ပေးရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကြေညာခဲ့သည်။

ဆင်ဟွာ