ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသား ခရီးသည်များကို ဗီဇာကင်းလွှတ်ခွင့်နှင့် လေကြောင်းဖြင့်လာရောက်သည့် တရုတ်နိုင်ငံသားခရီးသည်များကို ဆိုက်ရောက် ဗီဇာ ခွင့်ပြုပေးမှု အောက်တိုဘာ တစ်ရက်မှ စတင်မည်

ရန်ကုန်  ၂၉  ဇူလိုင် 

 

ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိ်ုင်ငံသား ခရီးသည်များကို ဗီဇာကင်းလွှတ်ခွင့် (Visa Free)နှင့် တရုတ်နိုင်ငံသားခရီးသည်များ အနက် လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များကို ဆိုက်ရောက် ဗီဇာ (Visa On Arrival) ခွင့်ပြုမှုကို အောက်တိုဘာ တစ်ရက်မှစတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း က ပြောကြားသည်။

 

၄င်းက “တရုတ်နိုင်ငံသား ခရီးသည်တွေကို Visa on Arrival ပေးဖို့အတွက်နဲ့ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် Free Visa ပေးဖို့အတွက် စီစဉ် ဆောင်ရွက်နေပါတယ်။ အခုလောလာဆယ်မှာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဦးရေ ဝင်ရောက်မှုကျဆင်းပြီး  အနောက် နိုင်ငံသား ဝင်ရောက်မှုတွေကျတဲ့ အတွက် ကြောင့် အရှေ့နိုင်ငံသားတွေကို မျှော်လင့်တဲ့ အနေနဲ့ Visa နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို လျော့ပေါ့ပေးတာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးကလည်း ခွင့်ပြုပြီးဖြစ်ပါတယ်” ဟုပြောကြား သည်။

 

ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့  အင်းယားလိတ် ဟိုတယ်၌ကျင်းပသည့် ခရီးသွားမြှင့်တင်ရေး Visa ဆိုင်ရာကိစ္စရပ်များ နှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး အပြီးတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“တရုတ်နိုင်ငံသားတွေ မကာအိုနဲ့ ဟောင်ကောင် အပါအဝင်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့  စပေးဖို့ဖြစ်ပါတယ်။ ရက် ၃၀ ခွင့်ပြုပါ့မယ်။ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်လာရမှာဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ အခါမှာ Show Money ဒေါ်လာ တစ်ထောင် ပြရမယ်ဆိုတာ မျိုးတော့ပါပါတယ်။ အပြန်အတွက်လည်း အပြန် လေယာဉ်လက်မှတ်ကို ပြရမှာဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်း က ပြောသည်။

 

ဆက်လက်၍ ၎င်းက`` နောက်တစ်ခုကတော့ ဂျပန်နဲ့ ကိုရီးယားတွေကို Free Visa ပေးဖို့ပါ။ သူတို့ကိုတော့ စမ်းသပ်ကာလ အဖြစ် ၂၀၁၈ ခုနှစ်အောက်တိုဘာ  ၁ ရက်ကနေစပြီး  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ အထိ စမ်းသပ်ကာလအဖြစ် အချိန်ကန့်သတ်ထားပါတယ်။ သူတို့အနေနဲ့ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်သုံးခုအပြင် အပြည်ပြည်ဆိုင်ရာရေဆိပ်၊ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ မြန်မာ-ထိုင်း နယ်စပ် အစရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်/ထွက် ပေါက်တွေ ဖြစ်တဲ့ မြဝတီ၊ ကော့သောင်း၊ ထီးခီး ၊ တာချီလိတ် ဂိတ်တွေကိုလည်း ခွင့်ပြုထား ပါတယ်။ သူတို့ အနေနဲ့ အဲဒီအပေါက်တွေကနေဝင်ပြီး အခြားလေဆိပ်၊ ရေဆိ်ပ်တွေ ကနေလည်းပြန်ထွက်လို့ရတဲ့ အခြေအနေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်´´ ဟုပြော ကြားသည်။

 

ထိုသို့ခွင့်ပြု ဆောင်ရွက်ပေးရာတွင် တရုတ်နိုင်ငံသားများ(ဟောင်ကောင်နှင့် မကာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အပါအဝင်) အတွက် ဆိုက်ရောက် ဗီဇာ (Visa On Arrival) ခွင့်ပြုရာတွင် စည်းကမ်းသတ်မှတ်ချက်များအနေဖြင့်  သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများသာ၊  ဆိုက်ရောက် ဗီဇာ အခငွေ အမေရိ ကန်ဒေါ်လာ ၅၀ ကောက်ခံမည်၊ Tourist Visa တစ်မျိုးတည်းသာခွင့်ပြုမည်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် Show Money အမေရိကန်ဒေါ်လာ တစ်ထောင် ပြသနိုင်ရမည်၊ အပြန်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ပြသနိုင်ရမည်၊ နေခွင့်သက်တမ်း တိုးမြှင့် လျှောက်ထားခြင်းကိုခွင့်မပြု၊ မည်သည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှမဆို ပြန်လည်ထွက်ခွာနိုင်သည် စသည်တို့ပါရှိကြောင်းသိရသည်။

 

အလားတူ ဂျပန်နိုင်ငံသားများနှင့် တောင်ကိုရီးယားနိ်ုင်ငံသား များ အတွက် ဗီဇာကင်းလွှတ်ခွင့် (Visa Free)ခွင့်ပြုရာတွင် စည်းကမ်း သတ်မှတ်ချက်များအနေဖြင့်  သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသာ၊  Tourist Visa တစ်မျိုးတည်း သာ၊ Package Tour နှင့် (Foreign  Free Independent  Traveler) များ၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ ရေဆိပ်၊ ကုန်းလမ်း ဂိတ်များသို့ ရောက်ရှိ ချိန်တွင် Show Money အမေရိကန်ဒေါ်လာ တစ်ထောင် ပြသနိုင်ရမည်၊ အပြန်ခရီးစဉ် အတွက် လေယာဉ်လက်မှတ်ပြသနိုင်ရမည်၊ နေခွင့်သက်တမ်း တိုးမြှင့် လျှောက်ထား ခြင်းကို ခွင့်မပြု ၊ မည်သည့် အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်မှ မဆို ပြန်လည် ထွက်ခွာနိုင်သည် စသည်ဖြင့် ပါရှိကြောင်းသိရသည်။

 

ထိုသို့ ဗီဇာ ခွင့်ပြုမှုများနှင့်ပတ်သက်၍ အလုပ်သမား ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည့်အပြင် စည်းကမ်း သတ်မှတ်ချက်များအနက် Show Money အမေရိကန်ဒေါ်လာ တစ်ထောင် ပြသခြင်းနှင့် ဆိုက်ရောက် ဗီဇာ အခ  အမေရိကန်ဒေါ်လာ ၅၀ ကောက်ခံခြင်း တို့ကို CB Bank နှင့် ချိတ်ဆက် ကာ နည်းပညာဆိုင်ရာ ငွေပေးချေမှုစနစ်ကို အသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ 

 

CB Bank နည်းပညာဆိုင်ရာငွေပေးချေမှု ဌာနမှူး ဦးဇေယျာအောင်က “နည်းပညာ အရ ငွေပေးချေကတ်တွေနဲ့ ပေးချေမယ်ဆိုရင် အလွယ်တကူ ပေးချေလို့ ရအောင် ကျွန်တော်တို့က တာဝန်ယူဆောင်ရွက်ပေးမယ်ဆိုတဲ့ အကြောင်း ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ညှိနှိုင်းတာတော်တော်ခရီးရောက်ပါပြီ။ နည်းပညာနဲ့ ငွေပေးချေတာဆိုတော့ အဓိကကတော့ နိုင်ငံတကာသုံး ကတ်တွေရှိနေရင် ငွေကို ယူလာစရာမလိုပဲနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပတ်ပြီးခရီးသွားနေ ကြတဲ့ ဧည့်သည်တွေ က အနည်းဆုံးတော့ Visa ၊ Master Card တွေကိုင်ဆောင် ထားတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့အတွက်ကတော့ အလွယ်တကူ ငွေစက္ကူ ပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်သွားမယ်။ အတုအစစ်ပြဿနာတွေ၊ ငွေစက္ကူ အဆင်မပြေတဲ့ ကိစ္စတွေ၊ ငွေကြေး မလုံလောက်တဲ့ ပြဿနာတွေလည်း အဆင်ပြေ သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိ်ုးတိုးတက်ရေးကို အထောက်အကူပြုရေး၊ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရေးအတွက် ဝင်/ထွက် လည်ပတ်မှုလွယ်ကူစေရေး အစီအစဉ်အနေဖြင့် ယင်းကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

 

သတင်း-ဇော်ကြီး