ဂျပန်နိုင်ငံ၌ တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၅၀၀ ကျော် ထပ်မံတွေ့ရှိ

တိုကျို ၁ ဩဂုတ်

 ဂျပန်နိုင်ငံတွင် ယနေ့ဆေးမှတ်တမ်းများအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ၁၅၀၀ ကျော်ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ အရေအတွက်သည် ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်း သုံးရက်ဆက်တိုက် စံချိန်တင်မြင့်တက်မှု ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ဇူလိုင် ၂၉ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိပြီး ယမန်နေ့တွင် ၁၃၀၅ ဦး စံချိန်တင်တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်မှုများ စံချိန်တင် ဆက်လက်မြင့်တက်လျက်ရှိသည့်အတွက် ကာကွယ်ရေး စည်းမျဉ်းများကို တင်းကျပ်စွာချမှတ်ကာ ဆေးစစ်မှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

တိုကျိုမြို့တွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၆၃ ဦး ယနေ့ ထပ်မံတွေ့ရှိခဲ့သည့်အတွက် မြို့တော်အတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၁၂၇၀၀ အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်း၏ ထက်ဝက်ကျော် အရေအတွက်ကို ဇူလိုင်လအတွင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တိုကျိုမြို့တွင်း၌ ဗိုင်းရပ်စ်ပိုးကူးစက်မှုများ ဆက်လက် မြင့်တက်လျက်ရှိသည့်အတွက် အရေးပေါ်အခြေအနေ ကြေညာရန် ဆွေးနွေးလျက်ရှိသည်ဟု တိုကျိုအုပ်ချုပ်ရေး မှူး ကိုကီယူရီကိုက ဆိုသည်။ ထို့ပြင် မြို့နေပြည်သူများ ကိုလည်း မလိုအပ်ဘဲ ခရီးသွားလာမှုများနှင့် လူစည်ကားသော နေရာများသို့ သွားရောက်ခြင်းကို ရှောင်ရှားရန် အုပ်ချုပ်ရေးမှူး ကိုကီယူရီကိုက တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဂျပန်နိုင်ငံ၌ ဗိုင်းရပ်စ်ပိုးကူးစက် ခံရသူ ၃၇၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ ဘာသာပြန်- အောင်ကျော်ကျော်