ဂျပန်နိုင်ငံ ဖူကူရှီးမား စီရင်စုရှိ စားသောက်ဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် လူ ၁၁ ဦးထက်မနည်း ဒဏ်ရာရ

၃၀ ဇူလိုင်

 

 

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဖူကူရှီးမားစီရင်စု ကိုရီယာမာမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လူ ၁၁ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်ဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

အနီးအနားရှိ ဘဏ်တစ်ခုတွင် အလုပ်လုပ်နေသော မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ထိုပေါက်ကွဲမှုသည် စားသောက်ဆိုင် တစ်ဆိုင်တွင် ယနေ့မနက် ၉ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်အစိုးရ အသံလွှင့်ဌာန အန်အိတ်ချ်ကေ က သတင်းထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ စားသောက်ဆိုင် ပေါက်ကွဲမှုဖြစ်ပွားခြင်းသည် ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် အဆောက်အအုံနံရံများ လွင့်စင်သွားပြီး စတီးကိုယ်ထည်သာ ကျန်ရှိတော့ကြောင်း ဖော်ပြထားသည်။

 

 

ထိုပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ မီးသတ်ကားများနှင့် လူနာတင်ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူ ၁၁ ဦး အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် ၎င်းတို့ကို ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း ဒေသန္တရမီဒီယာက ပြောကြားခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

 

2356