ဂျပန်အာဏာရပါတီရဲ့ ခေါင်းဆောင်သစ် သို့မဟုတ် ဝန်ကြီးချုပ်နေရာဆက်ခံမယ့် ဆူဂါ ယိုရှီဟီဒဲ

ထွန်းသစ်စ

 

ဂျပန်အာဏာရပါတီဟာ စက်တင်ဘာ ၁၄ ရက်မှာ သူ့ရဲ့ ခေါင်းဆောင်သစ်ကို မဲပေး ရွေးချယ်ခဲ့ကြပါတယ်။ အဲဒီလို မဲပေးရွေးချယ်တဲ့အခါမှာ ထိပ်တန်းအစိုးရအကြံပေး ဆူဂါယိုရှီဟီဒဲဟာ မဲအများဆုံးနဲ့ ပါတီခေါင်းဆောင်သစ် ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျန်းမာရေးကြောင့် တာဝန်မှ အနားယူတော့မယ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့နေရာကို ဆက်ခံမယ့်သူလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဆူဂါဟာ ပါတီခေါင်းဆောင်သစ်နေရာအတွက် တရားဝင်မဲ အရေအတွက် စုစုပေါင်း ၅၃၄ မဲမှာ ၃၇၇ မဲရရှိခဲ့ပြီးတော့ သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူ အီရှီဘားနဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာအကြီးအကဲ ဖူမီယိုကီရှီးဒါးတို့ကို အနိုင်ရရှိခဲ့ပါတယ်။


ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရ


ဂျပန်အတွင်းရေးမှူးချုပ် ဆူဂါဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လျှို့ဝှက်မဲပေးမှုမှာ သူ့ရဲ့ပြိုင်ဘက်တွေကို ဖြတ်ကျော်အောင်မြင်ခဲ့ပြီး ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသလို လွှတ်တော်ရဲ့ စက်တင်ဘာ ၁၆ ရက် ဆန္ဒမဲပေးမှုမှာလည်း ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။


သူဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြေညာခင်လေးမှာ အသက် ၇၁ နှစ်ရှိတဲ့ ဆူဂါဟာ ပါတီတွင်း အဓိက အုပ်စုတွေရဲ့ ထောက်ခံမှုတွေကို ရရှိထားပါတယ်။ ဆူဂါဟာ တည်ငြိမ်အေးချမ်းရေးနှင့် အာဘေးမူဝါဒ အတိုင်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကတိပေးမှုနဲ့အတူ သူ့ရဲ့ ပါတီခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မှုကို စတင်ခဲ့ပါတယ်။


ဆူဂါဟာ ပြုပြင်ပြောင်းလဲချင်တဲ့သူတွေကို ပါတီရဲ့ အကြီးအကဲနေရာတွေနဲ့ အစိုးရဝန်ကြီးတွေအဖြစ် ရွေးချယ်သွားမယ်လို့ ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရပြီးနောက်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။


ဖူမီယို ကီရှီးဒါး ပါတီခေါင်းဆောင်သစ်နေရာနဲ့ လွဲချော်ခဲ့


ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ မဲအရေအတွက် ၈၉ မဲရရှိခဲ့တဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ မူဝါဒရေးရာ အကြီးအကဲ ဖူမီယို ကီရှီးဒါးဟာ ယခင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ပြီး ပထမဆုံး လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံဖို့ အမည်စာရင်း တင်သွင်းခဲ့သူပဲ ဖြစ်ပါတယ်။
ပြည်သူ့စကားကို နားထောင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပါတယ်လို့ သူက ပြောပါတယ်။ ပြည်သူတွေကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်တယ်လို့ သူကပြောပါတယ်။


ဘဏ်တစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ကီရှီးဒါးဟာ နိုင်ငံရေးလောကထဲကို ၁၉၉၃ ခုနှစ်မှာ စတင်ဝင်ရောက် လာခဲ့ပါတယ်။ အဲဒီနှစ်မှာ အာဘေးဟာ ဟီရိုရှီမားခရိုင်မှ အောက်လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။ သူဟာ ရှစ်ကြိမ်လောက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ကီရှီးဒါးဟာ အာဘေးအစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရပြီးတော့ လေးနှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်က အစိုးရအဖွဲ့က ထွက်ပြီး လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ရဲ့ မူဝါဒသုတေသနကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။


ကီရှီးဒါးဟာ အာဘေးနေရာကို ဆက်ခံချင်ကြောင်း ယခင်ကဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ ဝန်ကြီးတစ်ဦး အနေနဲ့ရော အဆင့်မြင့်ပါတီအရာရှိတစ်ဦးအနေနဲ့ပါ အာဘေးအစိုးရကို တစ်သမတ်တည်း ထောက်ခံခဲ့သော်လည်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့ ထောက်ခံချက်ကို မရရှိခဲ့ပါဘူး။ သူဟာ ပါတီထဲမှာ စတုတ္တမြောက် အကြီးဆုံးအုပ်စုကို ဦးဆောင်နေပါတယ်။ သို့သော်လည်း သူရဲ့အာဘေးနေရာကို ဆက်ခံချင်တဲ့ ဆန္ဒဟာ ဒီတစ်ခါတော့ ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပါတယ်။ သူဟာ ဆူဂါကို မယှဉ်သာဘဲ မဲအရေအတွက် အများကြီးအကွာနဲ့ ပါတီခေါင်းဆောင်သစ်နေရာနဲ့ လွဲချော်ခဲ့ရပါတယ်။


ပါတီခေါင်းဆောင်သစ်နေရာနဲ့ကို ဆုံးရှုံးခဲ့တဲ့အီရှီဘား


ထို့အတူပဲ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအီ ရှီဘားဟာ ယခင်ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီးတော့ ပါတီရဲ့ အတွင်းရေးမှူးချုပ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာတော့ မဲအရေအတွက် ၆၈ မဲသာရရှိခဲ့ပြီး ဆူဂါကို ရှုံးနိမ့်ခဲ့ရပြီး ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ ပြည်သူတွေက လစ်ဘရယ် ဒီမိုကရက်တစ်ဥက္ကဋ္ဌနေရာအတွက် ရွေးချယ်ဖို့ မဲမပေးခဲ့ဘူးဆိုရင်တောင် ဘယ်ကိုယ်စားလှယ်လောင်းက ဘယ်လိုမျိုးပြောတယ်ဆိုတာ ပြည်သူလူထုကို နားထောင်ဖို့ အခွင့်အရေးပေးဖို့ကတော့ မိမိတို့ရဲ့ တာဝန်ပဲဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။


ကီရှီးဒါးလိုပင် အီရှီဘားကလည်း နိုင်ငံရေးလောကထဲ မဝင်ရောက်ခင်မှာ ဘဏ်တစ်ခုမှာ လုပ်ခဲ့ပါတယ်။ သူဟာ အောက်လွှတ်တော်ကို ၁၉၈၆ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီးတော့ တိုရီခရိုင်မှ အမတ်တစ်နေရာ ရရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ကို ထပ်ကာထပ်ကာ ၁၀ ကြိမ်လောက် ရွေးချယ်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင် သုံးဦးထဲမှာ အီရှီဘားဟာ ပါတီကနေလမ်းခွဲခဲ့ဖူးပါတယ်။ ၁၉၉၃ ခုနှစ်မှာ သူဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ မီယာဇာဝါ အစိုးရရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ဆန့်ကျင်တဲ့ ပါတီတွေက တင်သွင်းလာတဲ့ အယုံအကြည်မရှိအဆိုကို ထောက်ခံခဲ့ပြီး ပါတီကနေ ထွက်ခွာခဲ့ပါတယ်။ အချိန်တချို့ကြာပြီးတဲ့နောက်မှာ တခြားပါတီနှစ်ခုနဲ့အတူ ၁၉၉၇ ခုနှစ်မှာ သူဟာ နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။


အဲဒီအချိန်ကတည်းကစပြီး သူဟာ အဆင့်မြင့်ရာထူးနေရာတွေ အတော်များများကို တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းဝန်ကြီး၊ မူဝါဒ သုတေသနကောင်စီ ဥက္ကဋ္ဌ စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ အဲဒီမှာ ပြိုင်ပွဲဝင် အတော်များများကို အနိုင်ယူနိုင်ခဲ့သော်လည်း ရှင်ဇို အာဘေးကို ရှုံးနိမ့်ခဲ့ပါတယ်။


အီရှီဘားဟာ အာဘေးအစိုးရဒုတိယသက်တမ်းမှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဒေသတွင်း ပြန်လည်ဖွံ့ဖြိုးရေး ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၆ ခုနှစ် အစိုးရပြုပြင်ပြောင်းလဲရေးမှာတော့ သူဟာ ဝန်ကြီးအဖွဲ့ကနေ ထွက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အာဘေးရဲ့ အဝေးတစ်နေရာကပဲ သူ့ရဲ့လုပ်စရာတွေကို ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်။


၂၀၁၈ ခုနှစ်မှာ သူဟာ ဝန်ကြီးချုပ် ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ အီရှီဘားဟာ အဖွဲ့ဝင် ၁၉ ဦးပါဝင်တဲ့အဖွဲ့ကို ဦးဆောင် နေသူဖြစ်ပါတယ်။ အီရှီဘားဟာ ဂျပန်မဲပေးသူတွေကြားမှာ ကျော်ကြားသူဖြစ်ပါတယ်။ သို့သော်လည်းသူဟာ အာဘေးရဲ့ ခေါင်းဆောင်မှုပိုင်းကို စိန်ခေါ်ခဲ့ဖူးပြီး ရာထူးက နုတ်ထွက်ခဲ့ဖူးပါတယ်။ ကီရှီးဒါးဟာ အရင်တုန်းကတော့ အာဘေး သဘောကျတဲ့ ဆက်ခံသူအဖြစ် ဖော်ပြခဲ့သော်လည်း နောက်ပိုင်းဝန်ကြီးချုပ်ရာထူးမှ မနုတ်ထွက်ခင်အချိန်မှာ မျက်နှာသာ ပေးမှုမရရှိခဲ့ပါဘူး။ အခုလည်း သူဟာ ပါတီခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်နေရာနဲ့ ဆက်လက် လွဲချော်ခဲ့ရပါတယ်။


ပြည်သူရဲ့ အချစ်ကို ရဖို့ ကြိုးစားရမယ်


ဆူဂါဟာ အခုဆိုရင် ဂျပန်ဝန်ကြီးချုပ် အာဘေးနေရာကို လက်ခံရရှိတော့မယ်ဆိုတာ မြေကြီးလက်ခတ် မလွဲတော့ပါဘူး။ သူဟာဝန်ကြီးချုပ် အာဘေးရဲ့ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်းမယ်လို့ ကြွေးကြော်ခဲ့တဲ့အတွက် မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုသိပ်မရှိဘူးလို့ ယူဆရသော်လည်း အနည်းငယ် စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကို ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အကြီးဆုံးစိန်ခေါ်မှုတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ဟန့်တားရေး အပါအဝင် ကမ္ဘာ့တတိယ အင်အားကြီး နိုင်ငံကြီးရဲ့ စီးပွားရေးကိုလည်း မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဆက်လက်မောင်းနှင်နိုင်ရေး ကြိုးစားသွားရမှာ ဖြစ်ပါတယ်။


နောင်တက်လာမယ့် ဝန်ကြီးချုပ်ဟာ ရှုပ်ထွေးနေတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ မတိုင်ခင်ကတည်းက စီးပွားရေးကျဆင်းမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အကျိုးဖြစ်ထွန်းခဲ့တဲ့ အာဘေးစီးပွားရေး မူဝါဒတွေဟာ အခုတော့ ပြန်လည် ချိန်ညှိရတော့မှာပဲ ဖြစ်ပါတယ်။ သို့မဟုတ်ပါက အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ သို့သော်လည်း ဆူဂါဟာ လတ်တလောမှာ ပြည်သူရဲ့ အချစ်တွေကိုရရှိဖို့ ဆက်လက်ကြိုးစားရဦးမှာဖြစ်ပါတယ်။ ။

 

ကိုးကား-အေအက်ဖ်ပီ