ဂျပန် လစူးစမ်းလေ့လာရေးယာဉ် ပါဝါမပိတ်မီ လပေါ်သို့ဆင်းသက်စဉ်အတွင်း အချက်အလက်နှင့် ဓာတ်ပုံများကို အောင်မြင်စွာပေးပို့နိုင်ခဲ့

 

တိုကျို၊ ဇန်နဝါရီ ၂၃

 

ဂျပန်အာကာသ အေဂျင်စီတာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ ရက်က လပေါ်သို့ အောင်မြင်စွာ ဆင်းသက် နိုင်ခဲ့သော အာကာသစူးစမ်းလေ့လာရေးယာဉ်၏ ပါဝါကို ဆိုလာဘက်ထရီချွတ်ယွင်းမှုကြောင့် ပိတ်လိုက်ကြောင်း ပြောသည်။

 

ယခုအခါတွင် ဂျပန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ တာဝန်ရှိသူများသည် လစူးစမ်းလေ့လာရေးယာဉ် (အက်စ်အယ်အိုင်အမ်) ၏ ဘက်ထရီကို ပြန်လည်အသုံးပြုနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၂၀ ရက်တွင် လပေါ် သို့   အာကာသယာဉ်   အောင်မြင်စွာ   ဆင်းသက်နိုင်ကြောင်း   တာဝန်ရှိသူများက ထုတ်ပြန်ကြေညာထားသည်။

 

ထို့ကြောင့် ဂျပန်နိုင်ငံသည် လပေါ်သို့ အာကာသယာဉ် အောင်မြင်စွာ ဆင်းသက်နိုင်သည့် ငါးနိုင်ငံမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့သော်လည်း လဆင်းယာဉ်၏ ဆိုလာစွမ်းအင်ထုတ်လွှတ်မှုစနစ်မှာ အလုပ်မလုပ်ကြောင်း ပြောသည်။

 

ဆိုလာဘက်ထရီ၏ ကျန်ရှိသော လျှပ်စစ်ဓာတ်အားမှာ ၁၀ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားသောကြောင့် ၎င်းတို့၏ မြေပြင်ထိန်းချုပ်မှုသည် အာကာသစူးစမ်းလေ့လာရေးယာဉ်၏ စွမ်းအင်ထုတ်လွှတ်ရေးစနစ်နှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် တာဝန်ရှိသူများက ပြောသည်။ ထိုကဲ့သို့ ဖြတ်တောက်လိုက် ခြင်းမှာ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရေး ၎င်းတို့ကြိုးပမ်းအားထုတ်စဉ်အတွင်း မူမမှန်သော တစ်စုံတစ်ခု ဖြစ်ပေါ်ခြင်းမှ   ကာကွယ်တားဆီးရန်ဖြစ်ကြောင်း သိရသည်။

 

ကနဦးအစီအစဉ်အရ လဆင်းယာဉ်၏ ဆိုလာဘက်ထရီသည်   လပေါ်သို့  ဆင်းသက်ပြီးနောက် အပေါ်ဘက်သို့ မျက်နှာမူရမည်ဖြစ်သည်။ သို့သော်လည်း လဆင်းယာဉ်မှာ တိမ်းစောင်းသွားပြီး လက်ရှိမှာ အနောက်ဘက်သို့ မျက်နှာမူနေကြောင်း တာဝန်ရှိသူများကပြောသည်။ အနောက်ဘက်မှ နေရောင်ခြည်ရရှိပါက ဘက်ထရီသည် နောက်ထပ် လျှပ်စစ်ဓာတ်အား ပြန်လည်ထုတ်လွှတ်ပေးနိုင်ကြောင်း ပြောသည်။

 

လစူးစမ်းလေ့လာရေးယာဉ်သည် ပါဝါမပိတ်မီ လပေါ်သို့ ဆင်းသက်စဉ်အတွင်း အချက်အလက်နှင့် ဓာတ်ပုံများကို အောင်မြင်စွာပေးပို့နိုင်ခဲ့ကြောင်း ဂျပန်အာကာသအေဂျင်စီ တာဝန်ရှိသူများက ပြောသည်။

 

အင်န်အိတ်ချ်ကေ