ဂျပန်-အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယလုပွဲသာကစားရမည်

၂၈ ဖေဖော်ဝါရီ

 

ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုဒုတိယနေရာသာ ရခဲ့သောကြောင့် တတိယလုပွဲသာ ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုနောက်ဆူံးပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး သုံးဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရပါက အုပ်စုပထမနေရာ ရယူနိုင်မည်ဖြစ်သော်လည်း ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ကာ တတိယနေရာလုပွဲသာ ကစားရမည်ဖြစ်သည်။ အုပ်စု (ခ) အခြားပွဲတွင် တီမောအသင်းက ကာဂိုရှီမာယူနိုက်တက် ယူ-၁၈ အသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရပြီး အုပ်စုပထမရရှိခဲ့သည်။

 

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု (ခ) တွင် တီမောအသင်းက ခုနစ်မှတ်ဖြင့် အုပ်စု ပထမ၊ မြန်မာအသင်းက ငါးမှတ်ဖြင့် အုပ်စု ဒုတိယ၊ ကမ္ဘောဒီးယားအသင်းနှင့် ကာဂိုရှီမာ အသင်းတို့က သုံးမှတ်စီရရှိခဲ့သည်။ မြန်မာအသင်းသည် တတိယလုပွဲအဖြစ် အုပ်စု (က) တွင် ဒုတိယနေရာရလာသည့် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လာအိုအသင်းသည် အုပ်စု (က) တွင် အုပ်စုသုံးပွဲ ကစား နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ 

 

လာအိုအသင်းသည် ကာဂိုရှီမာ ယူ-၁၈ အသင်းနှင့် မလေးရှားအသင်းကို အနိုင်ရပြီး ဂျပန်အသင်းကို အရေးနိမ့်ခဲ့ခြင်းဖြစ်ကာ မလေးရှားကိုမူ ပယ်နယ်တီအဆုံးအဖြတ်မှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ စည်းမျဉ်းအရ ပွဲချိန်အတွင်း အနိုင်ရပါက သုံးမှတ်အပြည့်ရပြီး ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရပါက နှစ်မှတ်နှင့် ရှုံးနိမ့်သည့် အသင်းမှာ တစ်မှတ်ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် နှစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးသော်လည်း ကမ္ဘောဒီးယားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှ အနိုင်ရသောကြောင့် ငါးမှတ်သာရရှိခြင်းဖြစ်သည်။

 

ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပွဲစဉ်များ အပြီးတွင် ထိပ်ဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲ၊ ဒုတိယနေရာရနှစ်သင်းမှာ တတိယလုပွဲ၊ တတိယနေရာရနှစ်သင်းမှာ အဆင့် (၅) နေရာ လုပွဲ၊ အုပ်စုအောက်ဆုံးနေရာရနှစ်သင်းမှာ အဆင့် (၇) နေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာအသင်းနှင့် လာအိုအသင်းတို့၏ တတိယလုပွဲကို  ဖေဖော်ဝါရီ ၂၉ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ရဲရင့်ရှိုင်း