ဂျပန်-အာဆီယံ ယူ-၁၉ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

၂၆ ဖေဖော်ဝါရီ

 

၂၀၂၀ ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့မြန်မာစံတော်ချိန် နံနက်ပိုင်းက ဂျပန်နိုင်ငံ၌ စတင်ကျင်းပရာ မြန်မာ ယူ-၁၉ အသင်း ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

 

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဂျပန်နိုင်ငံမှ ကာဂိုရှီမာယူနိုက်တက် ယူ-၁၈ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ခုနစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် အဖွင့်ပွဲမှာပင် ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဂိုးပြတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲစည်းမျဉ်းအရ ယင်းပြိုင်ပွဲတွင် ပါဝင်ကစားဖူးသူများ ကစားခွင့်မရှိရာ မြန်မာ ယူ-၁၉ အသင်းအနေဖြင့် ပြိုင်ပွဲသွားရောက်ခါနီးမှ ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ရသော်လည်း ရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာ ယူ-၁၉ အသင်းအတွက် ပြည့်ဖြိုးခိုင်က ဟက်ထရစ်သွင်းယူပြီး ကျန်အနိုင်ဂိုးများကို လွင်ဇော်မောင်က နှစ်ဂိုး၊ ရန်နိုင်လင်းနှင့် ညီညီတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု () ပါဝင်နေပြီး အခြားပွဲတွင် တီမောအသင်းက ကမ္ဘောဒီးယားအသင်းကို ခုနစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

 

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဖေဖော်ဝါရီ ၂၇ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ