ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း နိုင်ပွဲဆက်

၂၇ ဖေဖော်ဝါရီ

ဂျပန်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို ယနေ့မြန်မာစံတော်ချိန် နံနက်ပိုင်းက ဆက်လက်ကျင်းပရာ မြန်မာ ယူ-၁၉ အသင်း နိုင်ပွဲဆက်ခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် တီမောအသင်းနှင့် တွေ့ဆုံခဲ့ပြီး ပွဲချိန်အတွင်း ဂိုးမရှိသရေကျနေသောကြောင့် ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ မြန်မာအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပြိုင်ပွဲစည်းမျဉ်းအရ ပွဲချိန်အတွင်း သရေကျနေပါက အရှုံးအနိုင်ပေါ်စေရန် ပယ်နယ်တီဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာတွင် မြန်မာအသင်းမှ လွင်ဇော်မောင်၊ စည်သူမိုးခန့်နှင့် ညီညီတို့ ဂိုးဝင်အောင် သွင်းယူနိုင်ခဲ့သည်။ ပြိုင်ပွဲစည်းမျဉ်းအရ ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရသည့်အသင်းမှာ နှစ်မှတ်၊ ရှုံးနိမ့်သည့်အသင်းမှာ တစ်မှတ်ရရှိမည်ဖြစ်သည်။ 

အုပ်စု (ခ) အခြားပွဲတွင် ကာဂိုရှီမာယူနိုက်တက် ယူ-၁၈ အသင်းက ကမ္ဘောဒီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဒုတိယနေ့အပြီးတွင် အုပ်စု (ခ) ၌ မြန်မာအသင်းက ငါးမှတ်၊ တီမောအသင်းက လေးမှတ်၊ ကာဂိုရှီမာယူနိုက်တက် ယူ-၁၈ အသင်းက သုံးမှတ်ရထားပြီး ကမ္ဘောဒီးယားအသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဖေဖော်ဝါရီ ၂၈ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုရဲ Facebook