ဂျွန်ဟွန်းအတွက် တစ်နေရာချန်ပေးခဲ့တဲ့ SHINee အဖွဲ့သားများ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “SHINee”ဟာ အဖွဲ့ဝင်ငါးဦးနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ တေးဂီတအဖွဲ့ဖြစ်ပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ တေးဂီတဖျော်ဖြေပွဲမှာလည်း အဖွဲ့ဝင် ငါးဦးပါရှိကြောင်း သက်သေပြခဲ့ကြပါတယ်။ 

 

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန်ဟွန်းအတွက် ဖျော်ဖြေရေးစင်မြင့်ထက်မှာ နေရာတစ်နေရာ ထည့်သွင်းဖန်တီးခဲ့ပြီး ဖျော်ဖြေခဲ့ကြရင်း နှုတ်ဆက်ခဲ့ကြပါတယ်။

 

အသက်(၂၇)နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်ကာ ကွယ်လွန်သွားခဲ့သူ ဂျွန်ဟွန်းအတွက် ဖေဖော်ဝါရီ ၁၄ ရက်က ဂျပန်နိုင်ငံ အိုဆာကာမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲမှာတော့ ကျန်ရှိနေတဲ့ အဖွဲ့ဝင်တွေရဲ့ အလယ်မှာ နေရာတစ်နေရာပြုလုပ်ကာ ချန်လှပ်ပေးထားခဲ့တာဖြစ်ပါတယ်။

 

 အဖွဲ့ဝင်တွေဟာ နှင်းဆီနီကို စင်မြင့်ထက် ယူဆောင်လာကြပြီး ဂျွန်ဟွန်းအတွက် ပြင်ဆင်ပေးထားတဲ့ မိုက်မှာ သွားရောက်ချိတ်ဆွဲခဲ့ကြကာ ဖျော်ဖြေပွဲကို အဆုံးသတ်ခဲ့ကြောင်းလည်း ဖျော်ဖြေပွဲကြည့်ခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ပြောစကားအရ သိရပါတယ်။

 

 ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ ဂျွန်ဟွန်းဟာ “SHINee”ရဲ့ အဓိကတေးသံရှင်တစ်ဦးဖြစ်တာကြောင့် သူကွယ်လွန်ပြီးနောက်မှာ ကျန်အဖွဲ့ဝင်တွေက သူ့ရဲ့နေရာကို အားဖြည့်သီဆိုနိုင်ဖို့ရာ အတော်လေး ကြိုးစားဖျော်ဖြေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

 

အေးပြည့်