ဂါဇာဒေသ၌ အစ္စရေးတို့တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသားသေဆုံးမှု ၃၂၀၀၀ နီးပါးရှိလာ

မတ် ၂၂

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးမှု ၃၁၉၈၈ ဦးအထိမြင့်တက်လာကြောင်း ဂါဇာဒေသရှိကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ကြေညာခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆၅ ဦးသေဆုံးပြီး အခြား ၉၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး-ဟားမတ်စ်ပဋိပက္ခဖြစ်ပွားမှုမှစတင်ကာ ပါလက်စတိုင်းနိုင်ငံသား ၃၁၉၈၈ ဦး သေဆုံးခဲ့ပြီး ၇၄၁၈၈ ဦး ဒဏ်ရာရရှိခဲ့သည်။ အစ္စရေးတို့က ဂါဇာဒေသရှိရှီဖာဆေးရုံတွင် စစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲလျက်ရှိရာ လေးရက်မြောက် ရောက်ရှိလာပြီဖြစ်သည်။ ထိုစစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၆၀၀ ခန့် ဖမ်းဆီးခဲ့ပြီး အခြား ၁၄၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး ဟားမတ်စ်စစ်သွေးကြွများဖြစ်ကြောင်း အစ္စရေးစစ်တပ်က ယမန်နေ့ကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို