ဂြိုဟ်သိမ် ဂြိုဟ်မွှား ဆိုက်ခီကို စူးစမ်းလေ့လာရန် မောင်းသူမဲ့ အာကာသယာဉ် နာဆာလွှတ်တင်

 

 

ဖလော်ရီဒါ အောက်တိုဘာ ၁၆

 

အမေရိကန် အာကာသအေဂျင်စီ နာဆာသည် အင်္ဂါဂြိုဟ်နှင့် ဂျူပီတာဂြိုဟ်အကြားတွင်ရှိသော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုကို စူးစမ်းလေ့လာနိုင်ရန် မောင်းသူမဲ့အာကာသယာဉ်ကို လွှတ်တင်လိုက်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင်   ဖော်ပြထားသည်။

 

အဆိုပါ   ဂြိုဟ်သိမ်ဂြိုဟ်မွှားတွင် သတ္တုအမြောက်အမြား ပါဝင်သည်ဟု ယူဆထားသည်။ Psyche (ဆိုက်ခီ) အာကာသ ယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ကနေဒီအာကာသစင်တာမှ သောကြာနေ့တွင် စပေ့အိတ်စ်ဖယ်ကွန် ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အာကာသယာဉ်သည် လွှတ်တင်ပြီး တစ်နာရီခန့်အကြာတွင် ဒုံးပျံမှ ခွဲထွက်ခဲ့ကြောင်းနှင့် သတ်မှတ်ထားသည့် ပတ်လမ်း အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း နာဆာကပြောသည်။ ဆိုက်ခီအာကာသယာဉ်အနေဖြင့် ၂၀၂၉ ခုနှစ်တွင် အဆိုပါ ဂြိုဟ်သိမ် ဂြိုဟ်မွှားသို့ရောက်ရှိရန် မျှော်မှန်းထားသည်။

 

ဂြိုဟ်သိမ်ဂြိုဟ်မွှား ဆိုက်ခီသည် အကျယ် ၂၈၀ ကီလိုမီတာ အထိရှိပြီး ကြီးမားသောအာလူးပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုဖြစ်ကြောင်း သိရသည်။ သိပ္ပံပညာရှင်အချို့က ၎င်းကို နေအဖွဲ့အစည်းဖြစ်ပေါ်လာချိန် ဝန်းကျင်တွင် တစ်ခုနှင့်တစ်ခု တိုက်မိသော အာကာသအစိတ်အပိုင်းငယ်များမှ ကျန်ရစ်သည့် အဓိကပစ္စည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

 

နာဆာ၏ နောက်ဆုံးစူးစမ်း လေ့လာမှုများက နေအဖွဲ့အစည်းအတွင်း ဂြိုဟ်ဖွဲ့စည်းခြင်းဆိုင်ရာ လျှို့ဝှက် ဆန်းကြယ်မှုများကို ဖော်ထုတ်ရာတွင် အကူအညီပေးနိုင်သော သဲလွန်စများကို ရှာဖွေနိုင်မည်ဟု ယုံကြည်ထားသည်။

 

အင်န်အိတ်ချ်ကေ