ဂျိမ်းစ်ဘွန်းဇာတ်ကောင်ကို နှုတ်ဆက်ရင်း အလွန်ကျေးဇူးတင်ရှိကြောင်း ဒန်နီရယ်ခရက် ဆို

ဟောလိဝုဒ်မင်းသားတစ်ဦးဖြစ်သူ ဒန်နီရယ်ခရက်က သူ့အနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် ပါဝင်သရုပ်ဆောင် ခဲ့တာ Spectre က နောက်ဆုံးဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် နောက်ထပ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ No Time to Die မှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ခြင်းက သူ့အတွက် ပြည့်စုံစေခဲ့ကြောင်း ဆိုခဲ့တယ်လို့ အေးရှားဝမ်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ပထမဆုံးသော ဂျိမ်းစ်ဘွန်းရုပ်ရှင် Dr. No စတင်ပြသခဲ့ပြီးနောက် နှစ်ပေါင်း ၆၀ ကာလအတွင်း ဗြိတိန် စုံထောက် ၀၀၇ အဖြစ် ခေါ်တွင်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင် အဓိကပါဝင်ထားတဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင် ၂၅ ကား ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ မြန်ဆန်တဲ့ကားတွေနဲ့ ထူးဆန်းတဲ့ ပစ္စည်းကိရိယာတွေကို နှစ်သက်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ပါဝင်တဲ့ ၂၅ ကားမြောက်ရုပ်ရှင် No Time to Die ကို လာမယ့်သီတင်းပတ် အတွင်း  ပြသမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေကြောင့် ပြသမယ့် ရက် ရွှေ့ဆိုင်းခဲ့ရကာ အဆိုပါရုပ်ရှင်ပြသဖို့ရာ သီတင်းပတ် ၁၈ ပတ်ခန့် နောက်ကျနေခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒန်နီရယ်ခရက်က ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် အမှတ်တရတွေ အားလုံးနဲ့ ပျော်ရွှင်စရာအချိန်တွေအတွက် အလွန်ပင်ကျေးဇူးတင်ရှိကြောင်း၊ ကောင်းမွန်တဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့အတူ အလုပ်လုပ်ခွင့်ရခဲ့ကာ သူ့ရဲ့ဘဝကိုလည်း ပြောင်းလဲစေခဲ့ကြောင်း ဒန်နီရယ်ခရက် က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အေးပြည့်